Language:

တာချီလိတ်မြို့မှာ ဝိနည်းတော်နဲ့ မညီတဲ့ ရဟန်း၊ သီလရှင်၊ ရှင်သာမဏေ (၃၃)ပါးကို သတိပေး


တာချီလိတ်မြို့မှာ ဝိနည်းတော်နဲ့ မညီတဲ့ ရဟန်း၊ သီလရှင်၊ ရှင်သာမဏေ (၃၃)ပါးကို သတိပေး

၃၀ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှာ သာသနာကို ညှိုနွမ်းစေတဲ့ အချိန်အခါလင့် ဆွမ်းခံကြွ အလှူခံခြင်းနဲ့ ပတ်သက်ပြီး ဝိနည်းတော်နဲ့ မညီညွတ်တဲ့ ရဟန်း၊ သီလရှင်၊ ရှင်သာမဏေ (၃၃)ပါးကို သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က သတိပေးလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ (၂၉)ရက် ညနေ (၃)နာရီခန့်က ဝမ်းကောင်းရပ်ကွက်ရှိ တောင်တန်းသာသနာပြု (ဗဟို)ကျောင်းတိုက်၊ ဝန်ထမ်းကုန်းကျောင်းမှာ မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ စုံစမ်းစစ်ရေးအဖွဲ့က ဗုဒ္ဓသာသနာကို ညှိုးနွမ်းစေတဲ့အတွက် ဝိနည်းနဲ့မညီတဲ့ ရဟန်းသံဃာနဲ့ သီလရှင်တွတွေကို အစည်းအဝေးပြုလုပ်ပြီး သတိပေးခဲ့တယ်လို့ သိရပါတယ်။

နံနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်၊ တာလော့၊ ဝမ်ကောင်း၊ ရန်အောင်မြေ၊ ဆန်ဆိုင်(က)/(ခ)ပုန်းထုန် ရပ်ကွက်တွေမှာရှိတဲ့ စျေးများအတွင်း မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ သာသနာဂုဏ်ရည်ကျောင်းတိုင်ဆရာတော်ဦးဆောင်တဲ့ စုံစမ်းစစ်ရေးအဖွဲ့ (၄) က လှည့်လည်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အခုလို အချိန်အခါလင့် လူထူထပ်တဲ့နေရာတွေဖြစ်တဲ့ ဈေးနဲ့ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ သာသနာကို အကြည်ညိုပျက်အောင် ဆွမ်းခံ၊ အလှူခံ ကြွတာတွေနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာအပါအဝင် မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ စုံစမ်းစစ်ရေးအဖွဲ့ က စျေးနဲ့ လူစည်းကားရာနေရာတွေကို လှည့်လည်စစ်ဆေးခဲ့တာပါ။

စုံစမ်းစစ်ဆေးမှုအရ ရဟန်း၊ သီလရှင်နဲ့ ရှင်သာမဏေ စုစုပေါင်း (၃၃)ပါးကို ဝတ်နည်းတော်နဲ့အညီ ဆွမ်းခံကြွခြင်း၊ အလှူခံခြင်းများ ပြုလုပ်ရန် သတိပေးခဲ့တယ်လို့လည်း မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တောင်တန်းသာသနာပြု (ဗဟို) ကျောင်းတိုက်ဆရာတော်က မိန့်ကြားပါတယ်။

“အဖွဲ့ (၃)ဖွဲ့ခွဲပြီး နံနက်ပိုင်းနဲ့ နေ့လည်ပိုင်း လှည့်လည်စစ်ဆေးခဲ့ပါတယ်။ ရဟန်း အပါး(၂၀)၊၊ သီလရှင် (၈) ပါး၊ ရှင်သာမနေ ( ၅) ပါးကို ဝတ်နည်းနဲ့အညီ ဆွမ်းခံကြွအလှူခံရန် သတိပေးဆောင်ရွက်ခဲ့တယ်”လို့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်ဆရာတော်က အရှေ့သံလွင် သတင်းမီဒီယာကို မိန့်ကြားပါတယ်။

အဆိုပါ လှည့်လည်စစ်ဆေးတာဟာ စက်တင်ဘာလအတွင်း (၄)ကြိမ်မြောက်ရှိပြီဖြစ်ပြီး ယခင်ကထက် ဝိနည်းတော်နဲ့ မညီဘဲ အလှူခံနေတဲ့ သံဃာတော်များ လျော့နည်းလာကြောင်း ဆရာတော်က မိန့်ကြားပါတယ်။

ဆွမ်းခံကြွခြင်းနဲ့ အလှူခံခြင်း ဝိနည်းတော်မှာ လက်ဖက်ရည်ဆိုင်များအတွင်းရှိ သောက်သုံးနေတဲ့ လူပုဂ္ဂိုလ်ဆီမှ အလှူခံခြင်း မပြုရန်၊ ဆိုင်အပြင်မှာသာ အလှူခံရန်၊ အသားစိမ်း၊ ငါးစိမ်းရောင်းချတဲ့ ဆိုင်များရှေ့မှာ အလှူခံခြင်းက မသင့်လျော်တာကြောင့် ရှောင်ကျဉ်ရန် သတ်မှတ်ထားပြီး။ ဈေးအတွင်း အလှူခံရာမှာလည်း အများပြည်သူ ကြည်ညိုလေးစားဖွယ်ဖြစ်စေရန် အလှူခံသင့်တယ်လို့ ဆိုပါတယ်။

သတိပေးခြင်းများကို လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ (၅) ကြိမ်မြောက်အထက် စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ သံဃာတော် သီတင်းသုံးနေထိုင်တဲ့ ကျောင်းတိုက်ရဲ့ ကျောင်းထိုင် ဆရာတော်ကို အသိပေးပြီး ထိန်းသိမ်းပေးဖို့ စီစဥ်ထားကာ အရေးယူမှုတွေကိုတော့ မြို့နယ်သံဃာ့နာယကအဖွဲ့တွေနဲ့ ညှိနှိုင်းပြီး လိုအပ်သလို ဆောင်ရွက်သွားဖို့ရှိတယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

တာချီလိတ်မြို့မှာ တရားဝင်ဘုန်းကြီးကျောင်း (၂၀၀) ရှိပြီး ဝိနည်းတော်နဲ့မညီတဲ့ သံဃာတော်များ အလှူခံနေတာကို တွေ့ရှိပါက နီးစပ်ရာ ရပ်ကျေးသံဃာ့နာယက ဆရာတော် မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဆရာတော်တွေကို တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို (၂၀၀၀) ပြည့်နှစ့်ကတည်းက စတင်ဖွဲ့စည်းတာဖြစ်ပြီး ယခု (၂၀၂၆) ခုနှစ်မှာ ဝိနည်းတော်နဲ့ မညီတဲ့ အလှုခံတွေကို ထိန်းသိမ်းရန် ဌာနဆိုင်ရာများ၊ ရပ်/ကျေး သံဃာတော်များ ပါဝင်တဲ့အဖွဲ့ကို မြို့နယ်သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သိရပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း တာချီလိတ်မြို့မှာ သာသနာကို ညှိုးနွမ်းစေတဲ့ အရက်သေစာ သောက်စားနေတဲ့ ဦးဇင်း(၂)ပါးနဲ့ ဓားကိုင်ပြီး သောင်းကျန်းခဲ့တဲ့ ဦးဇင်း (၁)ပါးတို့ကိုလည်း ဝိနည်းတော်နဲ့အညီ လူဝတ်လဲပေးခဲ့တယ်လို့ သိရပါတယ်။

#တာချီလိတ်မြို့

#ဝိနည်းတော်

#သံဃာတော်

#ရဟန်း၊သီလရှင်၊ရှင်သာမဏေ

#သာသနာ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin