၂၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကြည်ညို
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ လမ်းအသုံးပြုခကို ငွေသားနဲ့ပေးစရာမလိုဘဲ အလိုအလျောက် ဖြတ်သန်းနိုင်မယ့် Toll Pass RFID စနစ်ကို စက်တင်ဘာ ၁၇ ရက်က စတင်တပ်ဆင်ပေးနေရာ စက်တင်ဘာ ၂၅ ရက်အထိ ယာဉ် ၅၆၇ စီး တပ်ဆင်ပြီးပြီလို့ သိရပါတယ်။
လက်ရှိမှာတော့ Toll Pass တပ်ဆင်ဖို့ Zero Mile အမှတ် (၃) တိုးလ်ဂိတ်၊ ၂၀၁ မိုင် စီလမ်းဆုံတိုးလ်ဂိတ်နဲ့ ၃၅၂ မိုင် စကားအင်းတိုးလ်ဂိတ်စတဲ့ နေရာ ၃ ခုမှာ နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ရောင်းချတပ်ဆင်ပေးနေပါတယ်။
တပ်ဆင်ပြီးစီးသွားတဲ့ ယာဉ်တွေကတော့ ရန်ကုန် Zero Mile ကနေ ၃၅၂ မိုင် စကားအင်းအထိ အမြန်လမ်းတစ်လျှောက် အသုံးပြုနိုင်ကာ Toll Pass တပ်ဆင်မယ်ဆိုရင် ကနဦးဝန်ဆောင်ခအနေနဲ့ ကျပ် ၂၀,၀၀၀ ကျသင့်မှာဖြစ်ပြီး လမ်းအသုံးပြုခအတွက် TPU ကျပ် ၅၀,၀၀၀ ဖိုးကို အနည်းဆုံး ကြိုတင်ဖြည့်ထားရမှာဖြစ်ပါတယ်။
ဒီ TPU လက်ကျန်ငွေတွေကို သက်တမ်းကန့်သတ်ချက်မရှိ ဆက်လက်အသုံးပြုနိုင်ပေမယ့် ငွေသားအဖြစ် ပြန်ထုတ်ယူလို့တော့ မရဘဲ RFID Sticker ကို တပ်ဆင်ပြီးတာနဲ့ အသုံးပြုနိုင်သရွေ့ ဆက်သုံးလို့ရမှာဖြစ်ပြီး User Fault မဟုတ်ဘဲ Warranty တစ်နှစ်အတွင်း ပျက်စီးခဲ့ရင် အခမဲ့လဲလှယ်ပေးမယ်လို့ သိရပါတယ်။
တစ်နှစ်ကျော်ပြီးမှသာ ပျက်စီးတာ ဒါမှမဟုတ် User Fault ကြောင့် ပျက်စီးတာဆိုရင်တော့ Sticker အသစ်အတွက် ဝန်ဆောင်ခ ပြန်ပေးရမှာဖြစ်ပါတယ်။
Toll Pass သုံးတဲ့သူတွေက My Toll Pass App ကနေ ကိုယ့်ယာဉ် ဘယ်ဂိတ်ကို ဘယ်အချိန် ဖြတ်သန်းခဲ့လဲ၊ လမ်းအသုံးပြုခ ဘယ်လောက်ဖြတ်တောက်ထားလဲဆိုတာ ပြန်စစ်ဆေးနိုင်ကာ မကြာခင်မှာလည်း MMQR ကနေ ဖုန်းနဲ့ TPU ငွေဖြည့်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။
Toll Pass သုံးတဲ့ယာဉ်နဲ့ ငွေသားပေးတဲ့ယာဉ်ကြား လမ်းအသုံးပြုခနှုန်းထား ကွာခြားမှာ မဟုတ်ဘဲ ယာဉ်အမျိုးအစားနဲ့ ဖြတ်သန်းတဲ့ ဂိတ်အလိုက် သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပဲ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စနစ်အသစ်ကို စတင်စမ်းသပ်အသုံးပြုနေတဲ့ကာလဖြစ်လို့ Software နဲ့ Hardware ပိုင်းဆိုင်ရာ Error အချို့ရှိနိုင်ပြီး Technical Team က ဖြေရှင်းပေးနေတယ်လို့ ဆိုပြီး အသုံးပြုသူများလာရင် လက်ရှိ ရောင်းချတပ်ဆင်ပေးနေတဲ့ ဂိတ် ၃ ခုအပြင် အခြား တိုးလ်ဂိတ်တွေမှာပါ တပ်ဆင်ပေးနိုင်အောင် တိုးချဲ့သွားမယ်လို့ သိရပါတယ်။

