၂၉ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် မယ်ဖာလုံမြို့နယ် ပန်မဟန်ကျေးရွာအနီးမှာ စက်တင်ဘာ ၂၈ ရက် ညပိုင်းက လူအုပ်စု တစ်စုနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးသယ်ဆောင်သူဟု ယူဆရသူ ၉ ဦး သေဆုံးကာ Ice မူးယစ်ဆေးဝါး ၂၇၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ သပ်ချိုင်းတပ်ဖွဲ့နဲ့ အထူးသတင်းစုံစမ်းရေးအဖွဲ့တို့ ပူးပေါင်းကာ ပန်မဟန်ကျေးရွာအနီး နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးသယ်ဆောင်မှူကို တားဆီးရေးအတွက် ကင်းလှည့်စောင့်ကြည့်နေစဉ် ညပိုင်းမှာ လူ ၁၅ ဦးကနေ ၁၇ ဦးခန့် ပါဝင်တဲ့ လူအုပ်စုကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လူအုပ်စုမှာ တောတောင်နဲ့ ဒေသခံတွေ အသုံးပြုတဲ့ တောင်ယာသွားလမ်းကနေ တစ်ဆင့် ဝင်ရောက်လာပြီး တစ်ဦးချင်းစီက ကောက်ရိုးအိတ်များကို ပြုပြင်အသုံးပြုထားတဲ့ ကျောပိုးအိတ်များ သယ်ဆောင်လာတာလို့ ထိုင်းသတင်းက ဆိုပါတယ်။
ထို့နောက် ထိုင်းစစ်တပ်က စစ်ဆေးဖို့ ရပ်တန့်ရန် အချက်ပြခဲ့သော်လည်း လူအုပ်စုဘက်က သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးပမ်းခဲ့လို့ နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး (၁၀) မိနစ်ခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုအပြီး နံနက် ၆ နာရီ ၄၅ မိနစ်ခန့် ဖြစ်စဉ်နေရာကို လူ ၉ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းစစ်တပ်ဘက်မှာတော့ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းနဲ့ အနီးနားမှာတော့ ကောက်ရိုးအိတ်နဲ့ ပြုလုပ်ထားတဲ့ ကျောပိုးအိတ် ၁၆ လုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီ အိတ်တွေထဲကနေ Ice မူးယစ်ဆေးဝါး တစ်အိတ်ကို ၁၇ ကီလိုဂရမ်ခန့် ပါရှိပြီး စုစုပေါင်း ၂၇၂ ကီလိုဂရမ်ခန့်ရှိသဖြင့် ထိုင်းအာဏာပိုင်တွေက သက်သေအဖြစ် သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။
ပန်မဟန်ကျေးရွာအနီး နယ်စပ်ဒေသမှာ မြန်မာနိုင်ငံဘက်ရှိ မယ်ဂျော့ဒေသနဲ့ ဆက်စပ်နေပြီး အဆိုပါလမ်းကြောင်းကနေ တစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါးတွေ တရားမဝင် သယ်ဆောင်နေကြတာလို့ ထိုင်းဘက်က ဖော်ပြထားပါတယ်။
လက်ရှိ မယ်ဖာလုံရဲစခန်း၊ မယ်ဖာလုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ဆရာဝန်များ၊ အစိုးရရှေ့နေတွေနဲ့ သက်ဆိုင်ရာဌာနတွေက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စစ်ဆေးနေကြတယ်လို့ သိရပါတယ်။
အဆိုပါ နယ်စပ်လမ်းကြောင်းကနေ မူးယစ်ဆေးဝါး သယ်ဆောင်ဝင်ရောက်မှုများကို ယခင်ကလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပြီး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ဆက်လက်တင်းကျပ်စွာဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

