၃၀ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
အမေရိကန်အစိုးရက ကမ္ဘာတစ်ဝန်းမှာ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတဲ့ ဒေသတွေကို အကူအညီပေးဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး သုံးစွဲမယ့် အစီအစဉ်တစ်ခုကို ကြေညာထားပါတယ်။
ဒီအစီအစဉ်ထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ပြီး အကူအညီတွေကို မြေပြင်မှာ တကယ်လိုအပ်နေတဲ့ ပြည်သူတွေဆီ ရောက်ရှိနိုင်ဖို့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ် ဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ စုစုပေါင်းရန်ပုံငွေထဲက ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကို ကျန်းမာရေးဝန်ဆောင်မှုတွေအတွက် အသုံးပြုမှာဖြစ်ပြီး ဒေါ်လာ ၅၃၈ သန်းကိုတော့ လူသားချင်းစာနာမှုအကူအညီတွေအတွက် သုံးစွဲသွားမယ်လို့ သိရပါတယ်။
လူသားချင်းစာနာမှုအကူအညီတွေကတော့ ကမ္ဘာတစ်ဝန်း အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ နေရာ ၁၆ ခုက လူပေါင်း ၇ သန်းခန့်အထိ ရောက်ရှိဖို့ ရည်ရွယ်ထားတာပါ။
အဲဒီအကူအညီတွေထဲမှာ အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အမိုးအကာနဲ့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံအတွက်တော့ သီးခြားဘယ်လောက်ပမာဏ ခွဲဝေပေးမယ်ဆိုတာကို လက်ရှိထုတ်ပြန်ချက်မှာ တိတိကျကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံဟာ ဒီလူသားချင်းစာနာမှုအကူအညီ အစီအစဉ်ထဲမှာ ပါဝင်နေပါတယ်။
အမေရိကန်ဘက်ကတော့ အကူအညီတွေကို လိုအပ်နေသူတွေဆီ ပိုမိုထိရောက်ပြီး မြန်မြန်ဆန်ဆန် ရောက်ရှိစေဖို့ ဘာသာရေးအခြေပြုအဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းတွေကို အဓိကထား ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

