Language:

ကျိုက်ထီးရိုးဘုရားကို နိုင်ငံခြားသားဧည့်သည်တွေ ခရီးစဉ်ခွင့်ပြုမိန့် (၁၀) ရက် ကြိုတင်ရမယ်၊ Online ကနေ ခွင့်ပြုချက်ယူနိုင် မယ့်စနစ်လည်း ဆောင်ရွက်နေ


ကျိုက်ထီးရိုးဘုရားကို နိုင်ငံခြားသားဧည့်သည်တွေ ခရီးစဉ်ခွင့်ပြုမိန့် (၁၀) ရက် ကြိုတင်ရမယ်၊ Online ကနေ ခွင့်ပြုချက်ယူနိုင် မယ့်စနစ်လည်း ဆောင်ရွက်နေ

၂၉ စက်တင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

ကျိုက်ထီးရိုးဘုရားကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်ပြီး ဒေသအတွင်းခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ဖို့ ခရီးစဉ်ခွင့်ပြုမိန့် ၁၄ ရက်ကြိုတင်ရမယ့် အစား ရုံးပိတ်ရက်မပါ ၁၀ ရက် ကြိုတင်ဖို့ ဖြေလျော့ပေးထားတယ်လို့ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောပါတယ်။

စက်တင်ဘာ ၂၉ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကျိုက်ထိုမဲဆန္ဒနယ်က ဦးစိုးလှရဲ့ ကျိုက်ထီးရိုးစေတီတော် တည်ရှိရာဒေသသို့ နိုင်ငံခြားခရီးသည်တွေ လာရောက်ခွင့်ရှိတဲ့ အခြေအနေကို ဖြေလျှော့ပေးရန် သို့မဟုတ် အလွယ်တကူဝင် ရောက်နိုင်ရန် ဆောင်ရွက်ပေးမယ့် အစီအစဉ် ရှိ၊မရှိ မေးခွန်းနဲ့ပတ်သက်ပြီး အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် သြဂုတ်လမှာ လိုင်စင်ရ ခရီးလှည့်လည်ရေးကုမ္ပဏီ တွေကို ခွင့်ပြုချက်အတွက် ခရီးစဉ်မတိုင်ခင် ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင်ဖို့ သတ်မှတ်ခဲ့ပေမယ့် ကုမ္ပဏီတွေ ဘက်မှာ အခက်အခဲရှိတဲ့အတွက် ၇ ရက်အထိ ဖြေလျှော့ပေးခဲ့သလို ခရီးစဉ်လုံခြုံရေးကိစ္စတွေ အချိန်မီဆောင်ရွက်ပေးနိုင်ဖို့ အခက် အခဲရှိတဲ့အတွက် သက်ဆိုင်ရာဌာနတွေရဲ့ ညှိနှိုင်းလာမှုအရ ရုံးပိတ်ရက်မပါ ၁၀ ရက် ကြိုတင်ဖို့ ၂၀၂၄ခုနှစ် နိုဝင်ဘာမှာ ပြန်လည်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

“မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ဖို့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီး ခရီးလှည့်လည်ရေးကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့ ဝင်ရောက်တဲ့ ခရီးစဉ်(Package Tour)တွေအတွက် ခရီးစဉ်ကြိုတင်ခွင့်ပြုမိန့်ရစေရေး ၁၄ ရက်ကြိုတင် တင်ရမည့်အစား ရုံးပိတ်ရက်မပါ ၁၀ ရက်ကြိုတင်ဖို့ဖြေလျှော့ပေးခဲ့ပါတယ် ” လို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက ပြောပါတယ်။

ဒါ့အပြင် ခရီးသွားဧည့်သည်တွေအတွက် မြန်မာ့ခရီးသွားလုပ်ငန်း၊ သတင်းအချက်အလက်၊ ဖြေကြားမှုစနစ်၊ Myanmar Tourism Call Center နဲ့ ကျိုက်ထီးရိုးခရီးစဉ် လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေရဲ့ သွားလာနေ ထိုင်မှုအခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီသိရှိပြီး ခရီးစဉ်တစ်လျှောက် လိုအပ်တဲ့အကူအညီတွေ ဆောင်ရွက်ပေးနိုင်ဖို့ ခရီးသွားလာမှုဆိုင်ရာအချက်အလက်စနစ်(Tourist Movement Information System – TMIS)စနစ်တို့ကိုလည်း ဆောင် ရွက်ထားတယ်လို့ သိရပါတယ်။

“ ကျိုက်ထီးရိုးစေတီတော်ကို နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ယခုထက်ပို အလွယ်တကူ လွတ်လပ်စွာ ဝင်ရောက်နိုင်ဖို့ အတွက် Online ကတဆင့် လျင်မြန်စွာခွင့်ပြုချက်ရယူနိုင်တဲ့စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ် ” လည်း ဆိုပါတယ်။

ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ခရီးလှည့်လည်ရေးကုမ္ပဏီတွေရဲ့ အစီအစဉ်နဲ့လာရောက် လည်ပတ်တဲ့(Package Tour)ခရီးစဉ်တွေ ခွင့်ပြုမိန့်ရဖို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့ကို တင်ပြရ တာဖြစ်ပါတယ်။

ကျိုက်ထီးရိုးဒေသကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ၅၇၈၆ ဦးနဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်အထိ ၄၄၉၃ ဦးရှိတယ်လို့လည်း သိရပါတယ်။

#ခရီးသွား

#ကျိုက်ထီးရိုး

#နိုင်ငံခြားသား

#အွန်လိုင်းစနစ်

#ဟိုတယ်ခရီး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin