၃၀ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်မှာ ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံ ၂ ဦးကို စက်တင်ဘာ ၂၈ ရက်မှာ တွံတေးခရိုင်တရားရုံးက မသေမချင်း ကြိုးပေးသတ်ဖို့ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး ဘိုထီး (ခ) မျိုးဇော်နဲ့ မျိုးဇော် (ခ) မျိုးဇော်အောင်တို့ ၂ ဦးကို သက်ဆိုင်ရာ ဥပဒေပုဒ်မတွေအရ ထောင်ဒဏ် ၁၀ နှစ်အပြင် မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဖြစ်စဉ်ဟာ ဇွန်လ ၂၆ ရက် မနက်ပိုင်းမှာ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုပ်လှငယ်လမ်းမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ ‘ပြည့်ဝ’ ဆန်နဲ့ ကုန်မျိုးစုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်ကျော်နဲ့ မနွယ်နွယ်ဝင်းတို့ လင်မယားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
ဖြစ်စဉ်နောက်ပိုင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဘိုထီး (ခ) မျိုးဇော်ကို လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာ ဖမ်းဆီးရမိခဲ့သလို မျိုးဇော် (ခ) မျိုးဇော်အောင်ကိုလည်း အလုံမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် နှစ်ဦးစလုံးကို တရားစွဲဆိုအရေးယူခဲ့တာ ဖြစ်ပါတယ်။
အခုရက်ပိုင်းအတွင်း အပြစ်မဲ့ပြည်သူတွေကို အသက်အန္တရာယ်ပြုတဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်သူတွေကို ခရိုင်တရားရုံးအသီးသီးက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်လာနေတယ်လို့လည်း သိရပါတယ်။

