၂၆ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ (၃)ရက်ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းလို့ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပြီးနောက် ထိုင်းနိုင်ငံအာဏာပိုင်တွေက မြို့တော်ရဲ့ ဒေသ (၅၀)ကို သဘာဝဘေးအန္တရာယ် ကျရောက်ရာဒေသတွေအဖြစ် သတ်မှတ်ကြေညာလိုက်ပါတယ်။
အဆိုပါဒေသဆိုင်ရာ အဖွဲ့အစည်းတွေကို အရေးယူဆောင်ရွက်ခွင့်ပေးထားတဲ့ သဘာဝဘေးအန္တရာယ် ကြေညာချက်ဟာ စက်တင်ဘာ ၂၄ ရက်ကတည်းက မိုးရေချိန် ၃၀၀ မီလီမီတာနီးပါး ရွာသွန်းခဲ့ပြီးနောက် ကြေညာတာဖြစ်တယ်လို့ ဘန်ကောက်အုပ်ချုပ်ရေးမှူးက ပြောကြားပါတယ်။
“ရေက ဝင်ပဲဝင်လာနေတယ်။ အခု အပြင်ထွက်ဖို့ခက်ပါတယ်။ အခု ကျွန်မခါးလောက်အထိ ရေမြုပ်နေပြီ။ ဘယ်ကိုမှ သွားလို့မရဘူး။ ဆိုင်ပိတ်ထားရတာ အခုဆို နှစ်ရက်ရှိပြီ”လို့ ဘန်ကောက်မြို့ အလယ်ပိုင်း မြောက်ဖက်နားက တူးမြောင်းတစ်ခုအနီး နေထိုင်သူ အသက် ၆၇ နှစ်အရွယ် လမ်းဘေးဈေးသည် ဆွမ်ကစ်ဖျူအက်အမ်ဂမ်က အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
သူ့အနေနဲ့ ရေဘေးတွေ မကြာခဏကြုံခဲ့ရပေမယ့် ၂၀၁၁ ရေဘေးထက် ဒီတစ်ကြိမ်က ပိုဆိုးတယ်လို့ သူက ဖြည့်စွက် ပြောဆိုထားပါသေးတယ်။
စက်တင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက မိုးများ ဆက်တိုက်နီးပါးရွာသွန်းမှုကြောင့် လမ်းမတွေ ရေလွှမ်းသွားခဲ့ပြီး ဘန်ကောက်မြို့ရှိ တူးမြောင်းတွေ ရေလျှံလာတဲ့အတွက် ဘေးတစ်ဖက်တစ်ချက်ရှိ လူနေအိမ်နဲ့ စားသောက်ဆိုင်တွေထဲကို ရေတွေဝင်နေတယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
“ကျွန်တော် အလုပ်သွားဖို့ အိပ်ရာကထတော့ ကျွန်တော့် အိမ်ရှေ့ကလမ်း ရေမြုပ်နေပြီ”လို့ အရီရပ်ကွက်ရှိ ဆိုင်ကယ်မောင်းနှင်တဲ့ ဆမ်ရူအေးနက်ခမ်နူအမ်က ပြောပါတယ်။
ထိုင်းနိုင်ငံ အရှေ့တောင်ဖက် အွန်နတ်ရပ်ကွက်မှာ လမ်းမတလျောက် ဒူးလောက်နက်တဲ့ ရေထဲ ဒေသခံတွေ ဖြည်းဖြည်းချင်း သွားလာနေရပြီး မြို့တော်ရဲ့ အရှေ့ဖက်မှာ အများဆုံး ထိခိုက်မှု ရှိကာ နောက်ထပ် မိုးများ သည်းထန်စွာ ရွာဦးမယ်လို့ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချက်ချက် စီသီပွန့်က ခန့်မှန်းသတိပေးထားပါတယ်။
ရေတွေကို စက်တွေနဲ့ စုပ်ထုတ်ဖို့ အကောင်းဆုံး ကြိုးပမ်းနေပေမယ့် တူးမြောင်းတွေ အားလုံး ရေပြည့်နေပြီလို့ သူက လူမှုမီဒီယာမှာ ဖော်ပြထားပြီး ဘန်ကောက်ကို ဈေးဝယ်ထွက်ဖို့ မြန်မာနိုင်ငံ ပြန်လာမယ့် ခရီးသည် အချို့လည်း ကားငှားလို့ မရတဲ့ ပြဿနာတွေ ရှိနေပါတယ်။
၂၀၁၁ ခုနှစ်ကလည်း ထိုင်းနိုင်ငံတဝန်း ကျယ်ပြန်တဲ့ ရေဘေးကြောင့် လူ ၅၀၀ ကျော် သေဆုံးခဲ့ပြီး လူနေအိမ် သန်းပေါင်းများစွာ ထိခိုက် ပျက်စီးခဲ့ရပါသေးတယ်။
ထိုင်း သဘာဝဘေး ကာကွယ်ရေးနဲ့ အန္တရာယ်လျှော့ချရေးဌာနက ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ စက်တင်ဘာ ၂၇ ရက် အထိ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။

