၂၆ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့တွင်း တရားမဝင် လိုင်စင်မဲ့ကုန်စည်တွေ တင်ဆောင်ပြီး ဝင်ရောက်လာတဲ့ ကုန်တင်ကား(၄)စိးကို စုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ)က စက်တင်ဘာ (၂၅)ရက်နေ့မှာ ဖမ်းဆီးလိုက်တယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
ဖမ်းဆိးထားတဲ့ ကုန်ကား(၂)စီးပေါ်မှာ တရုတ်နိုင်ငံကနေ မဲခေါင်မြစ်ကြောင်းအတိုင်း ဝင်ရောက်လာတဲ့ ကုန်မျိုးစုံပါဝင်ပြီး သွင်းကုန်လိုင်စင်မပါတဲ့အတွက် ဖမ်းဆီးထားတာဖြစ်ပြီး ကျန်ကား(၂)စီးမှာတော့ ဒေသတွင်းက ထွက်ရှိတဲ့ ရာဘာကားတွေဖြစ်ကာ ပြည်ပကို တရားမဝင်တင်ပို့ဖို့ ပြင်ဆင်နေတဲ့အတွက် ဖမ်းဆီးတာဖြစ်တယ်လို့ သိရှိရပါတယ်။
“တရုတ်ပစ္စည်းတွေပါတဲ့ ကုန်ကား(၂)စီးနဲ့ ရာဘာတွေ တင်ပြီး ဆိပ်ကမ်းကို ပို့မယ့် ကား(၂)စီးပါ။ အခုလောလောဆယ် အမှုက စစ်ဆေးနေပါတယ်။ အမှုဖွင့်ဖို့လဲ ပြင်နေပါတယ်၊ ဘယ်လိုဥပဒေ ပုဒ်မနဲ့ အမှုဖွင့်မလဲတော့ မသိသေးပါဘူး”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းမှာတော့ မဲခေါင်မြစ်ကြောင်းတစ်လျှောက်မှာ တရားမဝင် ကုန်စည်တွေ အတင်အချပြုလုပ်တဲ့ ဆိပ်ကမ်းပေါင်း (၄)ခုအထက်ရှိပြီး တရုတ်ပြည်က သင်္ဘောနဲ့ ဝင်ရောက်လာတဲ့ အရက်၊ ဘီယာ၊ ဆေလိပ်နဲ့ ကုန်မျိုးစုံအပြင် ဆိုင်ကယ်၊ ကားအပိုပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံ ဒေသတွင်း ဝင်ရောက်လာတာဖြစ်ပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေးအတွက် ရှမ်းပြည်မြောက်ပိုင်း ကုန်စီးဆင်းမှု ရပ်တန့်သွားတဲ့အတွက် ၂၀၂၃ ခုနှစ်နောက်ပိုင်း ကျိုင်းတုံ-မိုင်းလား-တာလော့ ကုန်သွယ်ရေးလမ်းကြောင်းနဲ့ အတူ တရုတ်နိုင်ငံ ချင်းဟုန်ဆိပ်ကမ်းတဆင့် မဲခေါင်မြစ်ကြောင်းကနေ တာချီလိတ်မြို့နယ်အတွင်း ကုန်သွယ်မှု ပြလုပ်နေတာဖြစ်ပါတယ်။
မဲခေါင်မြစ်ကမ်းအနီး တရုတ်နိုင်ငံ ချင်းဟုန်မြို့ ကွမ်းလိုင်ဆိပ်ကမ်း(Guanlei Port) ကနေ ဒေသတွင်း ထိုင်း၊ မြန်မာ၊ လာအို နိုင်ငံတွေကို ၂၀၂၆ ဇန်နဝါရီလကနေ သြဂုတ်လအထိ (၈)လတာ တင်ပို့ခဲ့တဲ့ ကုန်စည်တန်ဖိုးစုစုပေါင်းဟာ တရုတ်ငွေ (၄.၃၆၂)ဘီလီယံရှိပြီး နေ့စဉ် (၁၇.၉၈)သန်းခန့်ရှိတယ်လို့ တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

