၂၆ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
NPW
လေယာဉ်လက်မှတ်တွေ မှောင်ခိုရောင်းဝယ်နေတာ ထိန်းချုပ်ဖို့ အရောင်းကိုယ်စားလှယ်တွေကတဆင့် ရောင်းချခွင့်မပြုတော့ဘဲ လေကြောင်းလိုင်းတွေရဲ့ ရုံးခွဲတွေနဲ့ အွန်လိုင်းတွေကနေ ရောင်းချပေးနေပြီး Mobile App ကနေ ရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက သိရပါတယ်။
စက်တင်ဘာ (၂၅) ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် ဦးညွန့်ဝင်းမေးမြန်းတဲ့ လေယာဉ်ခ မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ဖို့ အစီအစဉ် ရှိ၊မရှိ မေးခွန်းနဲ့ ပတ်သက်ပြီး ပို့ဆောင်ရေးဝန်ကြီးဌာနက ဒုတိဝန်ကြီး ဦးအောင်မြိုင်က အခုလို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
“လောလောဆယ် ဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုနဲ့ Agent ကို မပေးသေးဘဲ ဌာနကနေ ရောင်းတဲ့ အစီအစဉ်နဲ့ စတင်ရောင်းနေပြီဖြစ်ပါတယ်။ ထို့အတူပဲ ဆက်လက်ပြီး ORPT လို မီးရထားလိုမျိုး Online Railway Ticket Payment အစီအစဉ်လိုပဲ Mobile Application နဲ့ လေယာဉ်လက်မှတ်ရောင်းချခွင့်ကိုလည်း စီစဉ်နေပါတယ်” လို့ ဦးအောင်မြိုင်က ပြောပါတယ်။
လေယာဉ်လက်မှတ်ခ ဈေးနှုန်းတွေ အဆမတန်ကြီးမြင့်ပြီး မှောင်ခိုဈေးကွက်ဖြစ်နေတဲ့အပေါ် ဌာနနဲ့ အရောင်းကိုယ်စားလှယ် (Agent)တွေ အပြန်အလှန် စွပ်စွဲတာတွေ ဖြစ်နေတဲ့အတွက် Agent တွေက တဆင့် ရောင်းချခွင့်ပေးမယ့်အပေါ်ကိုလည်း စိစစ်နေတယ်လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။
“ဒီနေရာမှာ ဝန်ကြီးဌာနလည်း အသေးစိတ် စုံစမ်းမေးမြန်းပြီး စိစစ်သုံးသပ်နေပါတယ်။ Agent ကြောင့်လည်း မှောင်ခိုဖြစ်သလို၊ Agent ကလည်း ဌာနပိုင်ကြောင့် မှောင်ခိုဖြစ်တယ်။ ဌာနကလူတွေကလည်း Agent ကြောင့် မှောင်ခိုဖြစ်တယ်လို့ အပြန် အလှန်ပြောဆိုနေကြတာတွေလည်း အများကြီးရှိပါတယ်။” လို့ ပြောပါတယ်။
အခုလို ဖြစ်နေရတဲ့ အဓိက ပြဿနာမှာ လေယာဉ်လုံလုံလောက်လောက် မရှိတဲ့အတွက် Supply and Demand မမျှတဖြစ် နေရတာဖြစ်နေတာကြောင့် ဖြစ်နေတဲ့အခြေအနေ အားလုံးကို စိစစ်သုံးသပ်ပြီး လေကြောင်းလိုင်းတွေနဲ့ ညှိနှိုင်းပြီး အကောင်း ဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်လို့လည်း ဦးအောင်မြိုင်က ဆိုပါတယ်။
ဝန်ကြီးဌာနအနေနဲ့ လေယာဉ်လက်မှတ်ခနှုန်းတွေ မှောင်ခိုဈေးကွက်ဖြစ်ပေါ်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် သတ်မှတ်ဈေး နှုန်းထက် ပိုမိုရောင်းတဲ့ မည်သူမဆို ဥပဒေနှင့်အညီအရေးယူသွားမယ်လို့ ဇွန်လထဲမှာ ကြေညာထားပါတယ်။
လေယာဉ်လက် မှတ်တွေကို အရောင်းကိုယ်စားလှယ်(Agent)တွေကတဆင့် ရောင်းချခြင်းမပြုဘဲ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Airသံ လွင်လေကြောင်းလိုင်း၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ မင်္ဂလာလေကြောင်းလိုင်းနဲ့ မန်းရတနာပုံလေကြောင်း လိုင်းတို့က ၎င်းတို့ရဲ့ ရုံးခွဲတွေအပြင် Online ကနေလည်း ရောင်းချပေးနေတယ်လို့ သိရပါတယ်။
လေယာဉ်လက်မှတ်ခတွေကို သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချနေသူတွေကို အရေးယူနိုင်ဖို့ ပြည်သူတွေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေကလည်း ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုတယ်လို့ ဒုတိယဝန် ကြီးက ဆိုပါတယ်။
#ရောင်းဖို့ စီစဉ်နေ

