Language:

နာမည်ကြီး ကော်ဖီ ကုမ္ပဏီ Starbucks က မြောက်အမေရိကရှိ ရောင်းအားကျဆင်းတဲ့ ကော်ဖီဆိုင် (၂၅၀)ကို ပိတ်သိမ်းတော့မယ်


နာမည်ကြီး ကော်ဖီ ကုမ္ပဏီ Starbucks က မြောက်အမေရိကရှိ ရောင်းအားကျဆင်းတဲ့ ကော်ဖီဆိုင် (၂၅၀)ကို ပိတ်သိမ်းတော့မယ်

၂၆ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

နာမည်ကြီး ကော်ဖီကုမ္ပဏီ Starbucks က မြောက်အမေရိကရှိ စွမ်းဆောင်ရည်လျော့ကျနေတဲ့ ကော်ဖီဆိုင် (၂၅၀) ကို ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ Starbucks ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဘရိုင်ယန်နီကိုးလ်က ပြောကြားလိုက်ပါတယ်။

Starbucks အနေနဲ့ ရောင်းအား ပြန်လည်ကောင်းမွန်လာစေရေး ကြိုးပမ်းမှုအဖြစ် သူတို့ရဲ့ အထင်ကရ ဆီယက်တယ်လ် ကော်ဖီဆိုင် အပါအဝင် စွမ်းဆောင်ရည် မကောင်းတဲ့ ကော်ဖီဆိုင်တော်တော်များများကို Starbucks က ပိတ်သိမ်းခဲ့ပြီးနောက် တစ်နှစ်အကြာမှာ ယခုလို ထပ်မံပိတ်သိမ်းမယ့် အစီအစဉ်ကို စက်တင်ဘာ (၂၅) ရက်က ကြေညာတာ ဖြစ်ပါတယ်။

ယခု အစီအစဉ်ကြောင့် Starbucks ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့် ကုန်ကျဖွယ်ရှိနေကာ ကော်ဖီဆိုင်တွေ ထပ်မံပိတ်သိမ်းရလို့ ပြန်လည် ဖွဲ့စည်းတည်ဆောက်ရေး ကုန်ကျစရိတ် ဒေါ်လာသန်း ၃၀၀ ရှိမှာဖြစ်ပြီး မြောက်အမေရိကရှိ ကော်ဖီဆိုင်ပေါင်း ၁၈၀၀၀ ထဲက ၁ ရာခိုင်နှုန်းလောက်ကို ပိတ်သိမ်းမှာ ဖြစ်တယ်လို့ Starbucks ကုမ္ပဏီက စက်တင်ဘာ (၂၅) ရက်က ပြောဆိုထားပါတယ်။

အဆိုပါ ကော်ဖီဆိုင် ပိတ်သိမ်းမှုအများစုကို ၂၀၂၆ ဘဏ္ဍာရေးနှစ် မတိုင်ခင် အပြီးသတ်ဆောင်ရွက်သွားဖို့ စီစဉ်ထားကြောင်းလည်း ကုမ္ပဏီဘက်က ပြောကြားပါတယ်။

Starbucks က ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီဆိုင်အသစ် ၆၀၀ ကနေ ၆၅၀ အထိ ဖွင့်လှစ်မယ်လို့မူလက စီစဉ်ထားခဲ့ပေမယ့် ကုမ္ပဏီကဦးစီးတဲ့ လိုင်စင် ထုတ်ပေးထားတဲ့ ကော်ဖီဆိုင် ၄၄၀ လောက်သာ ဖွင့်လှစ်နိုင်တော့မယ်လို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ ရောင်းအားနဲ့ အမြတ်ရရှိမှု ရပ်တန့်သွားရင် ရင်းနှီးမြှုပ်နှံသူတွေရဲ့ သည်းခံနိုင်မှု အလျင်အမြန် မှေးမှိန် ပျောက်ကွယ်သွားမှာဖြစ်တယ်လို့လည်း ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ဗျူဟာပညာရှင်တွေက ပြောကြားထားပါတယ်။

Starbucksက ဖောက်သည်တွေ စောင့်ရတဲ့ အချိန် ပိုမို တိုတောင်းစေဖို့ အမေရိကန်မှာ ပိုပြီး ရိုးရှင်းတဲ့ အစားသောက် စာရင်းရှိစေဖို့လည်း အမှုဆောင် အရာရှိတွေက ဆောင်ရွက်ထားပြီး ဒေသဆိုင်ရာ ရုံးအချို့ကို ပိတ်သိမ်းထားသလို ကုန်ကျစရိတ် စီမံခန့်ခွဲမှုတွေလည်း လုပ်ဆောင်ထားပါတယ်။

Starbucksက စတိုးဆိုင်နဲ့ မီးဖိုချောင် လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းစု အခန်းကဏ္ဍတွေမှာ ကုန်ကျစရိတ် လျှော့ချမှု အများအပြား ပြုလုပ်ထားကာ ယခုနှစ် ဇူလိုင်လအထိ သုံးလပတ် ကာလ လေးကြိမ်ဆက်တိုက် ရောင်းအား ဖွံ့ဖြိုးခဲ့တယ်လို့ ကုမ္ပဏီက ဖော်ပြထားပါတယ်။

ဝင်ငွေ ရရှိတဲ့ နေရာ အားလုံးမှာ ဖောက်သည် အဝင်အထွက်လည်း များလာတယ်လို့ Starbucks ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဘရိုင်ယန် နီကိုးလ်က ဧပြီလအတွင်း ပြောကြားခဲ့ပါတယ်။

#နာမည်ကြီးStarbucks

#ကော်ဖီဆိုင်

#မြောက်အမေရိကရှိ

#ရောင်းအားကျတဲ့

#ကော်ဖီဆိုင်(၂၅၀)

#ပိတ်သိမ်းမယ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia

ဆက်စပ်သတင်းများ

Eastern Thanlwin