Language:

ဘန်ကောက်မြို့မှာ သေနတ်ပစ်ဖောက်ပြီး နေအိမ်ကို မီးရှို့သူအမျိုးသား သေဆုံး ၊ ၎င်းထံက စက်သေနတ်အပါအဝင် ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းရမိ


ဘန်ကောက်မြို့မှာ သေနတ်ပစ်ဖောက်ပြီး နေအိမ်ကို မီးရှို့သူအမျိုးသား သေဆုံး ၊ ၎င်းထံက စက်သေနတ်အပါအဝင် ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းရမိ

၂၆ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)

ဗကြီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဖလက်ဒေသမှာ အမျိုးသားတစ်ဦးက ၎င်းရဲ့ နေအိမ်ကို မီးရှို့ပြီး သေနတ် ပစ်ဖောက်ခဲ့တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားပြီးနောက် ထိုအမျိုးသားကိုလည်း သေဆုံးလျက် တွေ့ရှိခဲ့ရတယ်လို့ ထိုင်းနိုင်ငံသတင်းဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ စက်တင်ဘာ (၂၄) ရက် နံနက်ပိုင်းမှာ ဒေသခံတွေက နေအိမ်တစ်လုံး မီးလောင်နေပြီး သေနတ် ပစ်သံတွေ ကြားရတယ်လို့ ရဲတပ်ဖွဲ့ထံ သတင်းပို့ခဲ့ပြီးနောက် အဆိုပါ နေအိမ်သို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ကာ ကြီးမားတဲ့ စစ်ဆင်ရေး တစ်ရပ် ပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသားဟာ လက်နက်ကိုင်ဆောင်ထားပြီး အိမ်ထဲက မထွက်ဘဲ လက်နက်ချဖို့ ငြင်းဆိုနေတာကြောင့် ထိုင်းရဲအရာရှိတွေက မီတာ ၂၀၀ ပတ်လည်ကို အန္တရာယ် ဇုန်အဖြစ် သတ်မှတ်ပြီး အနီးအနားရှိ ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။

အဆိုပါ အမျိုးသား အိမ်ထဲမှာ ဆက်ရှိနေပြီး သေနတ်နဲ့ မကြာခဏ ပစ်ခတ်နေတာကြောင့် မီးငြိမ်းသတ်ဖို့ မီးသတ် သမားတွေ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရကာ SWAT အဖွဲ့ တစ်ဖွဲ့နဲ့ အဆိုပါ အိမ်ကို ပတ်ဝိုင်းထားပြီး ဘေးနားက အိမ်တွေဆီ မီးမကူးအောင် မီးသတ်သမားတွေက ကာကွယ်ပေးခဲ့ပြီး တစ်နာရီကျော် အကြာမှာ မီးငြိမ်းသတ် နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲ့နောက်ပိုင်း အဆိုပါ နေအိမ် ဒုတိယထပ်မှာ လူတစ်ယောက် ကုလားထိုင်ပေါ်မှာ သေနတ် ကိုင်လျက် သေဆုံးနေပြီး အဆိုပါ အမျိုးသားအား တွေ့ရှိတဲ့ နေရာဘေးနားက အခန်းထဲမှာ စက်သေနတ် တစ်လက် အပါအဝင် ကျည်ဆံတွေနဲ့ ဖောက်ခွဲရေး ပစ္စည်း အများအပြား ရှာတွေ့ခဲ့ပါတယ်။

ဖောက်ခွဲရေး ပစ္စည်းတွေကို ရှင်းလင်းဖယ်ရှားဖို့ ကျွမ်းကျင်သူတွေ ခေါ်ယူခဲ့ရပြီး အဆိုပါ အမျိုးသားဟာ ဗိုလ်မှုးချုပ် အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ စစ်ဖက်ဆိုင်ရာ အရာရှိဟောင်း တစ်ယောက်ရဲ့ သားဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

သူသေဆုံးမှု အခြေအနေနဲ့ အခုလို လုပ်ဆောင်ရတဲ့ အကြောင်းရင်းကို သိရဖို့ ရဲတပ်ဖွဲ့က စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

#ဘန်ကောက်မြို့

#သေနတ်ပစ်ဖောက်

#နေအိမ်ကိုမီးရှို့

#ဖောက်ခွဲရေးပစ္စည်း

#သိမ်းဆည်းရမိ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin