၂၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းမိဖုရားခေါင်ကြီး သီရိခေတ်အတွက် နန်းတော် မီးသင်္ဂြိုဟ်ဈာပနအခမ်းအနားကို ဘန်ကောက်မြို့ရှိ ဆာနမ်လူအန်ရင်ပြင်မှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ၁၉ရက်အထိ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
နန်းတော် မီးသင်္ဂြိုဟ် ဈာပနအခမ်းအနား မတိုင်ခင် နန်းတော်ကုသိုလ်ကောင်းမှု ပြုလုပ်ပွဲ အခမ်းအနားတစ်ရပ် ဒီဇင်ဘာ ၁၅ ရက်မှာ ကျင်းပသွားမှာဖြစ်ပြီး မိဖုရားခေါင်ကြီးရဲ့ အရိုးပြာအိုးကို ဈာပနအခမ်းအနား ကျင်းပမယ့်နေရာ နန်းတော်မီးသင်္ဂြိုဟ်ရုံသို့ ဒီဇင်ဘာ ၁၆ ရက်မှာ သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၇ ရက်မှာတော့ အရိုးပြာတွေနဲ့ ကြွင်းကျန်ရစ်တဲ့ ဓာတ်တော်တွေကို စုဆောင်းပြီး မြဘုရားကျောင်းသို့ သယ်ဆောင်သွားမှာဖြစ်ပြီး နောက်တစ်ရက်မှာတော့ အရိုးပြာအတွက် နန်းတော်ရဲ့ ကုသိုလ်ပြု ဆုတောင်းပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်မှာ အရိုးပြာအိုးအား ချာခရီ မဟာပရာဆတ် နန်းတော်သို့ သယ်ဆောင်သွားမှာဖြစ်ပြီး ကြွင်းကျန်ရစ်တဲ့ အရာတွေကို ဝတ်ရတ်ချာဘိုဖစ်ဆာသစ်မဟာ ဆီမာရမ်စေတီနဲ့ ဝတ်ဘိုဝွန်နီဝတ် ဝိဟာရစေတီတို့မှာ ဌာပနာထည့်သွားမယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်ရုံး ဝန်ကြီးဆူပါမတ်စ် အီဆာရာဘာခဒီ ဦးဆောင်တဲ့ နန်းတော်မီးသင်္ဂြိုဟ် အခမ်းအနားကျင်းကရေး အစည်းအဝေးပြီးနောက် အထက်ပါအစီအစဉ်များ ထွက်ပေါ်လာတာဖြစ်ရာ နန်းတော်အခမ်းအနားတွေဟာ ထိုင်းပြည်သူတွေအတွက် အရေးကြီးတယ်လို့ သူကပြောကြားပါတယ်။
ဘုရင်ကြီး ဘူမိဘော အဒူယာဒက်(ရာမ ၉)ရဲ့ မိဖုရား သီရိခေတ်ဟာ ၂၀၁၂က လေဖြတ်ပြီးနောက် ၂၀၂၅ အောက်တိုဘာ ၂၄ ရက်က သက်တော် ၉၄နှစ် အရွယ်မှာ နတ်ရွာစံခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနန်းတော်ရဲ့ အစဉ်အလာ အတိုင်း ဈာပန အခမ်းအနား ပြုုလုပ်ခဲ့ပြီးနောက် သူ့ရဲ့ ရုပ်ကလပ်ကို ဘန်ကောက်မြို့ရှိ ဒူးဆစ် မဟာ ပရာဆတ် နန်းတော် ခန်းမဆောင်သို့ ပြောင်းရွှေ့ထားခဲ့တာ ဖြစ်ပါတယ်။
သီရိခေတ်ဟာ သူဖခင် ပြင်သစ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ ပြင်သစ် နိုင်ငံမှာ ဘူမိဘောနဲ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

