၂၂ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူရီခရိုင်ရှိ နေအိမ်တစ်လုံးမှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းက အသက် ၂၆ နှစ် အရွယ် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို အိုက်စ်ဟုခေါ်သည့် ခရစ္စတယ်မက်သမ်ဖက်တမင်း ၃၅၀ ကီလိုဂရမ်နဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရ သိရပါတယ်။
အဆိုပါအမျိုးသားကို မင်ဘူရီခရိုင်၊ Rom Klao 11 လမ်းရှိ နေအိမ်အမှတ် ၁၉၉/၃၃၅ မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး အဲ့ဒီ နေအိမ်ကို ဟောင်ကောင်မူးယစ်ဆေးဝါးဂိုဏ်းက မူးယစ်ဆေးဝါးများ ခေတ္တသိုလှောင်ထားတဲ့ ကြားခံနေရာအဖြစ် အသုံးပြုနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းရရှိပြီး ဝင်ရောက် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ရှာဖွေစစ်ဆေးရာမှာတော့ အိုက်စ်မူးယစ်ဆေးဝါး ၃၅၀ ကီလိုဂရမ်ကို ပလတ်စတစ်ပုံး ၃ လုံးအတွင်း ထည့်သွင်းသိုလှောင်ထားတာကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါး ထုပ်ပိုးရာမှာ အသုံးပြုတဲ့ ပလတ်စတစ်အိတ်၊ စက္ကူပုံး၊ ဒစ်ဂျစ်တယ်အလေးချိန်စက်၊ ရောစပ်စက်များ၊ အိတ်ပိတ်စက်များ၊ ခရီးဆောင်အိတ်တွေ ပလတ်စတစ်ဘူးတွေကိုလည်း တစ်ပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူမှာ စက်တင်ဘာ (၁၄) ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကနေ ခရီးသွားအဖြစ် ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့ပြီး ၎င်းရဲ့ အဖွဲ့ဝင်တွေက အဆိုပါ နေအိမ်ကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် နေအိမ်အတွင်း သိုလှောင်ထားတဲ့ မူးယစ်ဆေးဝါးတွေကို ထုပ်ပိုးကာ တတိယနိုင်ငံသို့ ဆက်လက်မှောင်ခိုပို့ဆောင်ရန် ပြင်ဆင်ပေးရတဲ့ တာဝန်ကို ယူထားခဲ့တယ်လို့ သိရပါတယ်။
သံသယရှိသူက အဆိုပါလုပ်ငန်းအတွက် ဟောင်ကောင်ဒေါ်လာ ၂၀,၀၀၀ (ဘတ် ၈၅,၀၀၀ ခန့်) ရရှိမည်ဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သိမ်းဆည်းရမိသည့် အိုင်စ်မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးမှာလည်း ဘတ်သန်း ၇၀၀ ခန့်ရှိကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိထားတဲ့ သံသယရှိသူနဲ့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးများ အပါအဝင် သက်သေခံပစ္စည်းတွေ ကို အမှုဖွင့်စစ်ဆေးကာ ဥပဒေနဲ့အညီ ဆက်လက်အရေးယူဖို့ ဆောင်ရွက်နေပါတယ်။

