Language:

ဟက်ဂါတီက ရော့ထန်၊ စူပါလက်တို့နဲ့ ထိုးသတ်ပွဲ ပြန်လည်ယှဉ်ပြိုင်ဖို့ အသင့်ရှိဟု ပြော


ဟက်ဂါတီက ရော့ထန်၊ စူပါလက်တို့နဲ့ ထိုးသတ်ပွဲ ပြန်လည်ယှဉ်ပြိုင်ဖို့ အသင့်ရှိဟု ပြော

၂၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ONE Championship ရဲ့ ကစ်ဘောက်ဆင်နဲ့ မွေထိုင်းချန်ပီယံ Jonathan Haggerty က သူ့ကို ONE Championship မှာ ရှုံးနိမ့်စေခဲ့တဲ့ ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ ရောထန်(Rodtang Jitmuangnon) နဲ့ Superlek Kiatmoo9 တို့ကို ပြန်လည်ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

Bangkok Post နဲ့ အင်တာဗျူးမှာ ဟက်ဂါတီက “ကျွန်တော်နဲ့ ရော့ထန်က အရင်ကတည်းက ပြိုင်ဘက်တွေပါ။ နှစ်ကြိမ်တောင် ကြိုးဝိုင်းထဲမှာ တွေ့ပြီးသား။ တတိယအကြိမ် ထိုးမယ်ဆိုလည်း ဘာလို့ မထိုးရမှာလဲ” လို့ ပြောပါတယ်။

ရော့ထန်ဟာ မကြာသေးခင်က ONE Championship နဲ့ စာချုပ်အသစ် ချုပ်ဆိုခဲ့ပြီး၊ ယခင်က ဥပဒေရေးရာ အငြင်းပွားမှုတစ်ခုကြောင့် စာချုပ်ကိစ္စ ရပ်တန့်ခဲ့ဖူးပါတယ်။

ဟက်ဂါတီနဲ့ ရော့ထန်တို့ရဲ့ ပထမဆုံး Flyweight Muay Thai ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရော့ထန်က အမှတ်နဲ့ အနိုင်ရခဲ့သလို၊ ဒုတိယအကြိမ် ပြန်လည်တွေ့ဆုံမှုမှာလည်း တတိယအချီအတွင်း အလဲထိုးအနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ဟက်ဂါတီက Superlek Kiatmoo9 နဲ့လည်း ထပ်မံယှဉ်ပြိုင်ချင်တယ်လို့ ဆိုပါတယ်။ ဒန်ဗာမြို့မှာ ကျင်းပခဲ့တဲ့ ပွဲစဉ်မှာ စူပါလက်ရဲ့ တန်ပြန်တံတောင်ရိုက်ချက်ကြောင့် စက္ကန့် (၄၉) အတွင်း ရှုံးနိမ့်ခဲ့ပြီး Bantamweight Muay Thai ချန်ပီယံခါးပတ်ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

“သေချာပေါက် ထိုးချင်ပါတယ်။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် အဆင်သင့်ပါပဲ။ ကျွန်တော့်ကို သိတဲ့အတိုင်း ဘယ်စိန်ခေါ်မှုကိုမှ မကြောက်ပါဘူး” လို့ ဟက်ဂါတီက ပြောပါတယ်။

လက်ရှိမှာ စူပါလက်ဟာ ဒူးအရွတ် (ACL) ပြတ်ဒဏ်ရာကြောင့် အနားယူနေရပြီး၊ ဟက်ဂါတီကတော့ လာမယ့်လမှာ ကျင်းပမယ့် ONE Samurai 4 ပြိုင်ပွဲမှာ ဂျပန်က Hiroki Akimoto နဲ့ Bantamweight Kickboxing ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲကို အရင်ဆုံး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

#OneChampionship

#ကစ်ဘောက်ဆာ

#မွေထိုင်း

#ရော့ထန်

#စူပါလက်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://www.youtube.com/@EasternThanLwinMedia

ဆက်စပ်သတင်းများ

Eastern Thanlwin