၂၁ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
လာအိုနိုင်ငံ ဘိုလီခမ်းပြည်နယ် ပါ့ခ်ဆန်ခရိုင်ရှိ စားသောက်ဆိုင်တစ်ဆိုင်မှာ စက်တင်ဘာလ (၁၇) ရက်နေက ကျောင်းသား (၃)ယောက်က အိုဗာတင်း နို့ဘူးထဲ vapes ထည့်ပြီး ခိုးသောက်နေတာကို ဖမ်းမိခဲ့တယ်လို့ လာအိုသတင်းများဖော်ပြချက်အရ သိရပါတယ်။
အဆိုပါကလေးများမှာ အသက် (၁၃) နှစ်မှ (၁၄) နှစ်ခန့်ရှိ အထက်တန်းကျောင်းသားတွေ ဖြစ်ပြီး အိုဗာတင်းဘူးခွံအတွင်းပိုင်းကိုဖောက်ကာ vapes လို့ခေါ်တဲ့ တရားမဝင် အီးစီးကရက်တစ်ခုကို ဘူးထဲထည့်ပြီးသောက်နေကြတာဖြစ်ပါတယ်။
ထိုအချိန်တွင် စားသောက်ဆိုင်ပိုင်ရှင်က ကျောင်းသားများယူဆောင်လာသည် အိုဗာတင်းဘူးနှင့်ပတ်သက်ပြီး မသင်္ကာဖြစ်သဖြင့် စစ်ဆေးခဲ့ရာ ဘူးအတွင်း vape ထည့်သွင်းနိုင်အောင်ဘူးကိုအတွင်းပိုင်းဖောက်ဖျက်ပြုပြင်ထားတာကိုတွေ့ရှိခဲ့ပြီး အဆိုပါကျောင်းသားများက မိဘများနှင့် ဆရာ၊ဆရာမများမသိစေရန် Vape အသုံးပြုမှုကို ဖုံးကွယ်ခဲ့တာလို့သိရပါတယ်။
ထို့ကြောင့် မိဘများနှင့် ဆရာ၊ ဆရာမများအနေဖြင့် ကလေးများ၏ အပြုအမူများကို အနီးကပ်စောင့်ကြည့်ပေးရန်နှင့် Vape သို့မဟုတ် မူးယစ်ဆေးဝါးများကို စမ်းသပ်အသုံးပြုခြင်းမပြုစေရန် အသိပညာပေးကာကွယ်ပေးကြရန် သတိပေးထားတယ်လို့သိရပါတယ်။

