၂၂ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မြို့များသို့ ထိုင်းနိုင်ငံသားနှင့် တတိယနိုင်ငံသားများကို တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားမှ ဝင်ထွက်ခွင့်ပြုထားရှိပြီး သတ်မှတ်ချက်နှင့်ကိုက်ညီပါက တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးအတိုင်း ခရီးသွားလာခွင့်ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောဆိုလိုက်တာဖြစ်ပါတယ်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (ပထမနေ့) စက်တင်ဘာလ (၂၁) ရက်နေ့မှာ ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ စနစ်တကျ ဝင်ရောက်ခွင့်ကို ယာယီရပ်ဆိုင်းထားခြင်းအား ပြန်လည်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်ပတ်သက်ပြီး ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါမေးခွန်းနှင့်ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးက ထိုင်းနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဖြင့် ဝင်ထွက်ခွင့်ပြုထားပြီး တတိယနိုင်ငံသားများကို Package Tour အစီအစဉ်နဲ့ ဝင်ထွက်ခွင့်ပြုထားကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။
“ ထိုင်းနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်ဗီဇာဖြင့်လည်းကောင်း ၊ တတိယနိုင်ငံသားများအား Package Tourဖြင့် လည်းကောင်း ၊ ဝင်ထွက်ခွင့်ပြုလျက်ရှိသည့်အတွက် နိုင်ငံကူးလက်မှတ်ဗီဇာအပြင် Package Tour သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက တာချီလိတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးအတိုင်း အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက် (မြဝတီနယ်စပ်ဂိတ်မပါ)မှ ထွက်ခွာခွင့်ပြုလျက်ရှိပါကြောင်း” လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံသားများကို နိုင်ငံကူးဗီဇာနဲ့ဝင်ထွက်ခွင့်ပေးထားပြီး တတိယနိုင်ငံသားများကို Package Tour အစီအစဉ်နဲ့ တာချီလိတ်–မယ်ဆိုင် ချစ်ကြည်ရေးအမှတ်(၁)တံတားမှ ဝင်ထွက်ခွင့်ရရှိရန် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး သတ်မှတ်ချက်များအရ-
(၁) နိုင်ငံကူးလက်မှတ်သက်တမ်း အနည်းဆုံး ၆ လရှိရမည်။
(၂) သက်ဆိုင်ရာ မြန်မာသံရုံးထုတ် သက်တမ်းရှိဗီဇာ ပါရှိရမည်။
(၃) Blacklist ကင်းရှင်းရမည်။
(၄) ခရီးသွားအဖွဲ့ဝင်စာရင်း၊ ဝင်ထွက်ခရီးစဉ်နှင့် လမ်းကြောင်း တင်ပြရမည်။
(၅) လိုင်စင်ရ ဧည့်လမ်းညွှန်နှင့် သတ်မှတ်ခရီးစဉ်အတိုင်း သွားလာရမည်။
(၆) လိုင်စင်ရ ဟိုတယ်/ဧည့်ဂေဟာတွင် တည်းခိုရမည်။
(၇) ဗီဇာခွင့်ပြုကာလအတွင်း ပြန်လည်ထွက်ခွာရမည်၊ နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ခွင့်မရှိ။
(၈) လုံလောက်သော ငွေကြေး ပိုင်ဆိုင်ထားရမည်ဖြစ်ကြောင်း ကိုယ်စားလှယ်ရဲ့ကြယ်ပွင့်ပြမေးခွန်းကို ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။
အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီတဲ့ တတိယနိုင်ငံသားများအနေနဲ့ တာချီလိတ်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ မြို့များသို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကန့်သတ်နယ်မြေများမှလွဲပြီး တာချီလိတ်–ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်း ဝင်ရောက်လည်ပတ်ခွင့်ပြုထားကြောင်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၆) ရက်နေ့မှ လက်ရှိအချိန်အထိ တတိယနိုင်ငံသား (၃၄) ဦး ဝင်ရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားများ ပြည်ဝင်ခွင့်လက်မှတ် Entry Permit (EB) နဲ့ အလည်အပတ်ခရီးလာရောက်သူ (၂,၇၄၆) ဦး ရှိခဲ့ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။
#လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာန

