၁၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
တာချီလိတ်မြို့တွင်းစားသုံးရန် ထိုင်နိုင်ငံက တပိုင်တနိုင် ကုန်စည်တင်သွင်းမှုကို သက်ဆိုင်ရာအာဏာပိုင်တွေက အစာအဆိပ်သင့်မှုနဲ့ တရားမဝင်တင်သွင်းတယ်ဆိုပြီး ဖမ်းဆီးပိတ်ပင်ထားပေမယ့် တရုတ်နိုင်ငံက လူသုံးကုန်အပါအဝင် စားသောက်ကုန်၊ အေးခဲအသားမျိုးစုံကို မဲခေါင်ဆိပ်ကမ်းက တရားမဝင်ခိုးသွင်းမှု ဆက်တိုက်ရှိတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်းသိရှိရပါတယ်။
တရုတ်ကုန်စည်တွေ မဲခေါင်မြစ်ဆိပ်ကမ်းကတဆင့် ဝင်ရောက်လာမှုမှာ တရားဝင်လိုင်စင်နဲ့ အခွန်ပေးသွင်းပြီး ကုန်စည်တွေပါဝင်သလို အဖွဲ့အစည်းပိုင် ဆိပ်ကမ်းဂိုဒေါင်များကတဆင့် အကောက်အခွန်မဲ့ တင်သွင်းလာတာတွေရှိတယ်လို့လဲ သိရှိရပါတယ်။
“ဝင်တာကတော့ ခေါင်းစဉ်အမျိုးမျိုးနဲ့ ပစ္စည်းမျိုးစုံဝင်တာဘဲ၊ သူတို့က သက်ဆိုင်ရာအာဏာပိုင်နဲ့ နီးစပ်တော့ ဘာမှလုပ်လို့မရဘူး။ ဝမ်ပုံဆိပ်ကမ်းကနေ မြို့ထဲသွင်းတာကတော့ ပေးကမ်းပြီး သွင်းနေကြတာ၊ ထိုင်းကုန်စည်တွေ ပိတ်ရင် တရုတ်ကုန်စည်လဲ ပိတ်သင့်ပါတယ်”လို့ ကုန်သည်အသိုင်းအဝိုင်းအတွင်းက ကုန်သည်တစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။
လက်ရှိမှာ မြို့တွင်းမှာ အရက်၊ ဘီယာအပါအဝင် ထိုင်းကုန်စည်ကို ဖမ်းဆီးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတဲ့အတွက် ကုန်စုံဆိုင်တချို့ ပိတ်ထားရပေမယ့် မဲခေါင်ဆိပ်ကမ်းက ဝင်ရောက်လာတဲ့ တရုတ်ကုန်စည်တွေကိုတော့ ဌာနဆိုင်ရာ အာဏာပိုင်တွေက လျှစ်လျှူရှုထားတဲ့ အခြေအနေဖြစ်ပေါ်နေတာပါ။
မဲခေါင်ဆိပ်ကမ်းကတဆင့် တရုတ်နိုင်ငံထုတ် အကောက်ခွန်မဲ့ ကုန်စည်တွေကို တင်သွင်းတဲ့နေရာမှာ ကျိုင်းလပ်အတွင်းမှာ တရားမဝင်ဆိပ်ကမ်း(၂)ခု၊ မိုင်းဖုန်းကျေးရွာအုပ်စုအတွင်းမှာ ဆိပ်ကမ်း(၂)ခုနဲ့အထက်ရှိပြီး အရက်၊ ဘီယာအပါအဝင်၊ ဆိုင်ကယ်အပိုပစ္စည်း၊ စားသောက်ကုန်နဲ့ ကုန်ပစ္စည်းမျိုးစုံကို တင်သွင်းလာကာ တာချီလိတ်ကတဆင့် ပြည်တွင်းကိုပို့ဆောင်နေတာဖြစ်တယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ မိုင်းလားဧရိယာအတွင်းမှ တရုတ်ကုန်စည်တွေကို ကျိုင်းတုံမြို့ကို ပို့ဆောင်ရခက်ခဲပြီး ကုန်ကျစရိတ်မြင့်မားတဲ့အတွက် မဲခေါင်မြစ်ကြောင်းအတိုင်း ကုန်တင်သင်္ဘောတွေနဲ့ သယ်ဆောင်လာကာ တရားမဝင်ဆိပ်ကမ်းကတဆင့် မြို့တွင်းကို ပို့ဆောင်နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ အကောက်ခွန်ဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မယ်ဆိုင်မြို့ကတဆင့် တာချီလိတ်ကို အေးခဲအသားနဲ့ ဟင်းသီးဟင်းရွက်အပါအဝင် လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို နေ့စဉ် ထိုင်းဘတ်သန်း(၆၀၀)နီးပါး တင်ပို့နေတာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံမှ အေးခဲအသားနဲ့ ဟင်းသီးဟင်းရွက် တန်ချိန်ပေါင်း (၂၁၅)တန်ခန့် နေ့စဉ်တင်သွင်းနေပြီး ခန့်မှန် တန်ဖိုး ဘတ်သန်း(၅၀)ခန့် ရှိတယ်လို့ မယ်ဆိုင် အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

