Language:

ထိုင်းကုန်စည်တွေ ပိတ်ပင်ထားပေမယ့် တရုတ်ကုန်စည်တွေ ကုန်တိုက်တွင်း ရောင်းချနေ


ထိုင်းကုန်စည်တွေ ပိတ်ပင်ထားပေမယ့် တရုတ်ကုန်စည်တွေ ကုန်တိုက်တွင်း ရောင်းချနေ

၁၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်က ဟုန်ချိန်ကုန်တိုက်မှာ တရုတ်နိုင်ငံကနေတဆင့် တင်သွင်းလာတဲ့ အေးခဲသားနဲ့ ကုန်စိမ်း၊အသီးအရွက်များကို ရောင်းချနေကြောင်း အရှေ့သံလွင်သတင်းဌာနက စုံစမ်းအချက်အရသိရပါတယ်။

ဟုန်ချိန်ကုန်တိုက်အတွင်း တရုတ်နိုင်ငံက ထုတ်တဲ့ကုန်ပစ္စည်းများနှင့် အစားအသောက်မျိုးစုံ ရောင်းချနေပြီး ‌‌ဝက်သားကို တာချီလိတ်မြို့ရှိ မွေးမြူရေးခြံများမှ ရရှိတဲ့အသားများကို ရောင်းချတာဖြစ်ပြီး ကြက်သား၊ အသားတု၊ အသားလုံး စတဲ့ အေးခဲသားများနှင့် အသီးအရွက်များကို မိုင်းလားကနေ တင်ပို့လာပြီး ရောင်းချနေတာဖြစ်ကြောင်း ဟုန်ချိန်ကုန်တိုက်က ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဒီက ပစ္စည်းတော်တော်များများကတော့ တရုတ်ပစ္စည်းတွေများတယ်။ ဝက်သားကတော့ ဒီတာချီလိတ်ကပဲ။ အရင်က ကြက်သားနဲ့ အသီးအရွက်တွေကို မယ်ဆိုင်နဲ့ မိုင်းလားကနေ ယူရောင်းတာ။ အခုက တံတားပေါ်မှာ ပိတ်လိုက်တာဆိုတော့ မိုင်းလားကနေပဲ ယူပြီးရောင်းတာလို့” အဆိုပါဝန်ထမ်းက ပြောပါတယ်။

လက်ရှိ ဟုန်ချိန်ကုန်တိုက်မှာ ဝက်သားနဲ့ ကြက်သားများကို ယခင်ပုံမှန်စျေးနှုန်းအတိုင်း ရောင်းချနေပြီး စျေးနှုန်းမြင့်တက်ခြင်းမရှိသေးကြောင်း သိရပြီး မြို့တွင်းရှိ စျေးသည်များအနေနဲ့ အသားများကို ကီလိုအများအပြား ဝယ်ယူလိုပါက အော်ဒါကြိုတင်မှာယူနိုင်ကြောင်းပြောပြီး ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

“အဲ့ဒီ Shopping Mall တစ်ခုလုံးကျတော့ တရုတ်စာနဲ့ရေးထားတဲ့ တရုတ်ပစ္စည်းတွေရောင်းတာ၊ အဲ့ဒါကြတော့ မပြောကြဘူး၊ မြို့ထဲမှာ ထိုင်းကတင်သွင်းလာတဲ့ ပစ္စည်းတွေကြ အရက်ဘီယာကအစ ဖမ်းမယ်စီးမယ်နဲ့ အသံမျိုးစုံထွက်နေတယ်”လို့ မြို့တွင်းကုန်စုံဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက အရှေ့သံလွင်သတင်းဌာနကို ပြောပါတယ်။

တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်မှာ အေးခဲသားများနှင့် ကုန်စိမ်းသယ်ယူခွင့် ကန့်သတ်လိုက်တာကြောင့် ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်မျိုးစုံ ဈေးနှုန်းမြင့်တက်နေတာ ကြုံတွေ့နေရတာဖြစ်ပါတယ်။

မြို့တွင်း စတိုးဆိုင်နဲ့ ရပ်ကွက်အတွင်းက ကုန်စုံဆိုင်တွေမှာ ထိုင်းနိုင်ငံက တင်သွင်းထားတဲ့ ကုန်စည်တွေဖမ်းဆီးမယ်လို့ သတင်းထွက်ပေါ်နေတဲ့အတွက် အချို့သော ဆိုင်တွေမှာ ဖမ်းဆီးခံရမှာ စိုးရိမ်ပြီး ဆိုင်ပိတ်ထားတာတွေလည်း ရှိနေတယ်လို့ သိရှိရပါတယ်။

တာချီလိတ်မြို့ UWSA ပိုင် ဟုန်ပန်းဝင်းအတွင်းရှိ ဟုန်ချိန်‌ကုန်တိုက်ကို ၂၀၂၅ ခုနှစ် ၇ လပိုင်းအတွင်းမှာ စတင်ဖွင့်ခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံက ထုတ်တဲ့ ကုန်ပစ္စည်းမျိုးစုံနှင့် အစားအသောက်မျိုးစုံကို တစ်နေရာတည်းမှာ ဝယ်ယူလို့ရတဲ့ ကုန်တိုက်ကြီးတစ်ခုဖြစ်ပြီး အစိုးရအပေါ် သွင်းကုန်အခွန်ပေးဆောင်ပြီး တင်သွင်းလာခြင်း ဟုတ်/မဟုတ်တော့ အရှေ့သံလွင်မှ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

#ကုန်စည်

#ကုန်သွယ်ရေး

#နယ်စပ်ဒေသ

#တရုတ်ကုန်

#ဟုန်ချိန်မော

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin