၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံ ဆူရတ်ဌာနီမှာ တရားရုံးက လူ (၃၃) ဦးအတွက် ဖမ်းဝရမ်းထုတ်ပေးလိုက်ပြီးနောက် အရပ်ဖက် မှတ်ပုံတင်လိမ်လည်မှုတွေထဲ မြန်မာနိုင်ငံသားများအား ကူညီပေးနေတဲ့ ပွဲစားများနဲ့ အရာရှိ သံသယရှိသူ (၂၇) ဦးကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့က စက်တင်ဘာ (၁၇) ရက်က ကြေညာလိုက်ပါတယ်။
အဆိုပါ စစ်ဆင်ရေးအတွင်း ထိုင်းဥပဒေ စည်းကြပ်ရေးအေဂျင်စီ အမျိုးအမျိုးပူးပေါင်းပါဝင်ခဲ့ကာ အရပ်ဖက်မှတ်ပုံတင်ထားခြင်းမရှိဘဲ ID ကတ်ရရှိဖို့ မြန်မာနိုင်ငံသားတွေကို ပွဲစားတွေနဲ့ မှတ်ပုံတင်အရာရှိတွေက ကူညီပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဆိုပါ စုံစမ်းစစ်ဆေးမှုတွေကို ကန်ချာနာဘူရီနဲ့ ကော့စမွီမှာလည်း ပြုလုပ်နေပြီး အရပ်ဖက် မှတ်ပုံတင်စနစ်မှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတာကြောင့် နှိမ်နှင်းဖို့ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး အနုတင်က တိုက်ရိုက်ညွှန်ကြားခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
စုံစမ်းစစ်ဆေးသူတွေက ကန်ချာနာဘူရီနဲ့ ကော့စမွီမှာ အရပ်ဖက် မှတ်ပုံတင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နိုင်ငံကူးလက်မှတ်များ (သို့) ရွှေ့ပြောင်း အလုပ်သမားများအဖြစ် မှတ်ပုံတင် မှတ်တမ်းရရှိထားပြီးဖြစ်တဲ့ မြန်မာ နိုင်ငံသားတွေကို ဖော်ထုတ်ခဲ့တာလို့ ဆိုပါတယ်။
အရပ်ဖက် မှတ်ပုံတင်ထားမှု မရှိသူတွေအနေနဲ့ အဆိုပါ ကတ်တွေ ရရှိဖို့ သတ်မှတ်ချက် မကိုက်ညီဘူးလို့ ထိုင်းအရာရှိတွေက ပြောဆိုထားပေမယ့် ပွဲစားတွေက မှတ်ပုံတင် အရာရှိတွေနဲ့ ပေါင်းပြီး အဲဒီလို ကတ်တွေကို တရားမဝင် ထုတ်ပေးနေက်တာလို့ ဆိုထားပါတယ်။
ဖြစ်စဉ်အရ အုပ်စု ၃ စုမှာ ပါဝင်တဲ့ လူ ၃၃ ယောက်အတွက် ထိုင်းတရားရုံးက ဖမ်းဝရမ်းတွေ ထုတ်ပေးထားပြီး ဖြစ်လို့ နောက်ထပ် ဖမ်းဆီးမှုတွေ ရှိလာနိုင်ကာ ထိုင်းနိုင်ငံမှာ အမျိုးသားရေး စိတ်ဓာတ် အားကောင်းလာနေပြီး နိုင်ငံခြားသားများအား နှိမ်နှင်းမှုတွေ ပိုများလာနေပါတယ်။

