၁၈ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
NPW
မြန်မာနိုင်ငံမှာ လူလုပ်မူးယစ်ဆေးဝါးပြဿနာတွေ တိုးမြှင့်ရင်ဆိုင်နေရတာကြောင့် KTV၊ Bar၊ Club၊ Hotel၊ Motel နဲ့ တည်းခိုခန်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှု မရှိစေရေး စစ်ဆေးကြပ်မတ်ပြီး စုံစမ်းဖော်ထုတ် ဖမ်းဆီးသွားဖို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးညွန့်ဝင်းဆွေက ပြောကြားလိုက်ပါတယ်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (၁၆) ရက်က ပြုလုပ်တဲ့ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“နေပြည်တော်ကောင်စီနယ်မြေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက KTV၊ Bar၊ Club၊ ဖျော်ဖြေရေးအစီအစဉ်တွေ၊ Hotel၊ Motel နဲ့ တည်းခိုခန်းတွေမှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ရောင်းချမှု မရှိစေရေး စစ်ဆေးကြပ်မတ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးသွားဖို့ လိုအပ်ပါတယ်။” လို့ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ကို ပြင်ဆင်ရေးဆွဲနေပြီး မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အထူးစစ်ဆင်ရေး Operation 42 ကို အခြေခံကာ စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့ ဆက်လက်ပြောကြားပါတယ်။
ထို့ပြင် မူးယစ်ဆေးဝါး သာမက ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဓာတုပညာရှင်တွေ ဝင်ရောက်မှုကိုပါ တားမြစ်ဖို့လိုအပ်တဲ့အတွက် ပင်လယ်ရေကြောင်းထွက်ပေါက်တွေမှာ ပိတ်ဆို့ဖမ်းဆီးဖို့ လိုအပ်တယ်လို့ ဆက်လက်ပြောဆိုပါတယ်။
လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့တွေအနေနဲ့လည်း ပြည်တွင်းပဋိပက္ခ ဖြစ်ပွားနေတဲ့အပေါ် အခွင့်ကောင်းယူကာ မူးယစ်ဆေးဝါးထုတ်လုပ်တာနဲ့ သယ်ဆောင်ရောင်းဝယ်တာအပြင် လက်နက်၊ ခဲယမ်းဝယ်ယူတာ၊ လူသစ်စုဆောင်းတာ၊ မူးယစ်ဆေးဝါးထုတ်လုပ်တာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်ပနိုင်ငံတွေကနေ သယ်ဆောင်ပြီး ၎င်းတို့ နယ်မြေအတွင်း ထုတ်လုပ်နေတယ်လို့လည်း ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လအထိ မူးယစ်မှုနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ မူးယစ်တရားခံပြေး (၅၈) ဦး ဖမ်းဆီးရမိခဲ့ကာ သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးနေတယ်လို့ ဆိုပါတယ်။
ထို့ပြင် မူးယစ်ဆေးဝါးနဲ့ဆက်နွှယ်ပြီး ၂၀၂၅ ခုနှစ်အတွင်း အမှုပေါင်း (၆၈၅) မှုကနေ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ် (၄၂၈၅) သန်းကျော်၊ ၂၀၂၆ ခုနှစ်၊ ဩဂုတ်အထိ အမှုပေါင်း (၃၅၆) မှုကနေ ပြည်သူ့ဘဏ္ဍာအဖြစ် ကျပ် (၃၅၈၅) သန်းကျော် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
#Hotel&Motel

