Language:

၂၀၂၇-၂၈ ပညာသင်နှစ်က စတင်ပြီး သတ်မှတ်စံနှုန်းနဲ့ မကိုက်ညီတဲ့ ပုဂ္ဂလိကကျောင်းတွေကို မှတ်ပုံတင်ခွင့်ပြုတော့မည်မဟုတ်ဟု သတင်းတွေထွက်ပေါ်နေ


၂၀၂၇-၂၈ ပညာသင်နှစ်က စတင်ပြီး သတ်မှတ်စံနှုန်းနဲ့ မကိုက်ညီတဲ့ ပုဂ္ဂလိကကျောင်းတွေကို မှတ်ပုံတင်ခွင့်ပြုတော့မည်မဟုတ်ဟု သတင်းတွေထွက်ပေါ်နေ

၁၈ စက်တင်ဘာ ၂၀၂၆(Eastern ThanLwin)

NPW

နိုင်ငံ့အစိုးရကျောင်းတွေ အားလုံးကို စံကိုက်ကျောင်းတွေအဖြစ် အဆင့်မြှင့်တင်မယ်လို့ နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီးနောက်ပိုင်း ၂၀၂၇-၂၈ ပညာသင်နှစ်က စတင်ကာ သတ်မှတ်စံနှုန်းနဲ့ မကိုက်ညီတဲ့ ပုဂ္ဂလိက ကျောင်းတွေကို မှတ်ပုံတင်ခွင့်ပြုတော့မည် မဟုတ်ဟု သတင်းတွေ ထွက်ပေါ်နေတယ်လို့ သိရပါတယ်။

ပုဂ္ဂလိက ကျောင်းတွေကိုပါ တပြေးညီဆောင်ရွက်မှာလားဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတော်အစိုးရရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က မီဒီယာတွေရဲ့ မေးမြန်းချက်ကို ပညာရေးဝန်ကြီးဌာနက အခုလို ပြန်လည်ဖြေကြားထားတာဖြစ်ပါတယ်။

၂၀၂၇-၂၈ ပညာသင်နှစ်မှာ ပညာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်စံနှုန်းတွေနဲ့အညီ ဆောင်ရွက်ထား ရှိ/ မရှိကို မြို့နယ်၊ ခရိုင်၊ တိုင်းပညာရေးမှုးတွေ၊ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွေနဲ့ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့တွေက စစ်ဆေးပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ပုဂ္ဂလိကကျောင်းတွေကိုပဲ ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခွင့်ပြုသွားမယ်လို့ ပြန်လည် ဖြေကြားထားပါတယ်။

၂၀၂၆-၂၇ ပညာသင်နှစ်မှာ ဖွင့်ခွင့်ပြုထားတဲ့ ပုဂ္ဂလိကကျောင်းတွေကိုတော့ ကျောင်းအင်္ဂါရပ်အဆောက်အအုံနဲ့ အကျယ်အဝန်း သတ်မှတ်ချက်၊ ဝင်ဆံ့အင်အားအရ ကျော်လွန်လက်ခံထားတဲ့ စာသင်ခန်းအရေအတွက် မပြည့်မီသေးတဲ့ ပုဂ္ဂလိကကျောင်းတွေကို ယခုပညာသင်နှစ်အတွင်း ပြင်ဆင်ချိန် ယာယီ တစ်နှစ်သတ်မှတ်ပေးထားတယ်လို့လည်း ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၆-၂၇ ပညာသင်နှစ်မှာ မှတ်ပုံတင်လျှောက်ထားတဲ့ ပုဂ္ဂလိက ကျောင်းအသစ် (၃၆၈) ကျောင်း၊ သက်တမ်းတိုးလျှောက်ထားတဲ့ကျောင်း (၅၉၈) ကျောင်း၊ ကျောင်းအဆင့်တိုးလျှောက်ထားတဲ့ ကျောင်း (၁၄၆) ကျောင်းတို့ လျှောက်ထားတာပါ။

ထိုသို့ လျှောက်ထားတဲ့ ကျောင်းများအနက် ပုဂ္ဂလိကပညာရေး ဥပဒေနဲ့ ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းအသစ် (၃၆၀) ကျောင်း၊ သက်တမ်းတိုး (၅၉၈) ကျောင်း၊ ကျောင်းအဆင့်တိုး (၁၃၄) ကျောင်း၊ စုစုပေါင်း (၁၀၉၂) ကျောင်းကို ယာယီဖွင့်လှစ်ခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းပေါင်း (၅၀၉၆၂) ကျောင်းရှိပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းမှာ (၁၀) ရာခိုင်နှုန်းခန့်သာ ရှိတဲ့အတွက် အခြေခံပညာကျောင်းများအားလုံး စံကိုက်ကျောင်းတွေအဖြစ် ဆောင်ရွက်သွားရမယ်လို့ သြဂုတ်( ၂၅) ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးမှာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အခြေခံပညာကျောင်းတွေရဲ့ စံကိုက်ညီမှု သတ်မှတ်ချက်မှာ အခြေခံပညာ မူလတန်းကျောင်းအနေနဲ့ သတ်မှတ် ဧရိယာ (၃) ဧကမှ (၅) ဧက၊ အခြေခံပညာ အလယ်တန်းကျောင်းအနေနဲ့ (၅) ဧကမှ (၇) ဧက၊ အခြေခံပညာအထက်တန်းကျောင်းအနေနဲ့ (၇) ဧကမှ (၁၀) ဧက ရှိရန်သတ်မှတ်ထားတာပါ။

ကျောင်းသား၊ ကျောင်းသူတွေ တန်းစီတဲ့နေရာ၊ အားကစားပြုလုပ်မယ့်နေရာတွေနဲ့ ကစားကွင်းတွေရှိဖို့ လိုသလို အဆောက်အဦတွေကိုလည်း စနစ်တကျဆောက်လုပ်ဖို့လိုတယ်လို့ သတ်မှတ်ပါတယ်။

#၂၀၂၇-၂၈ပညာသင်နှစ်

#သတ်မှတ်စံနှုန်း

#ပုဂ္ဂလိကကျောင်း

#မှတ်ပုံတင်ခွင့်

#အခြေခံပညာကျောင်း

#ကျောင်းသားကျောင်းသူ

#ပညာရေး

#အဆောက်အဦ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin