၁၇ စက်တင်ဘာ ၂၀၂၆(Eastern ThanLwin)
NPW
စက်သုံးဆီအရောင်းဆိုင်တွေမှာ QR Code၊ Barcode ကို Scan ဖတ်ပြီးရောင်းချတာမှာ သတ်မှတ်ညွန်ကြားချက်တွေနဲ့ အညီ ရောင်းချမှုမရှိတဲ့ စက်သုံးဆီအရောင်းဆိုင်(၂၀) ကို အရေးယူထားတယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကနေ စက်တင်ဘာ (၁၇) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ ယာဉ်တွေရဲ့ QR Code၊ Barcode ကို Scan ဖတ်ပြီး ရောင်းချရတဲ့ ပမာဏကို အခြေခံကာ စက်သုံးဆီဝယ်ယူခွင့်(PO) ခွဲဝေပေးတာ၊ ထပ်မံလိုအပ်လာရင် စိစစ်ခွင့်ပြုပေးတာနဲ့ ရောင်းချနေတဲ့အခြေအနေတွေကို Online Monitoring Center ကနေ စောင့်ကြည့်စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
အချို့ စက်သုံးဆီအရောင်းဆိုင်တွေအနေနဲ့ QR Scan ဖတ်တာမလုပ်ဘဲ ယာဉ်နံပါတ်ကို ရိုက်ထည့်ပြီး စက်သုံးဆီဝယ်ယူခွင့် (PO) ပိုမိုရရှိအောင် လုပ်ဆောင်နေတာကို Control Center ကနေ စစ်ဆေးတွေ့ရှိရတဲ့အတွက် ပြစ်မှုကျုးလွန်တဲ့ အရောင်းဆိုင် (၂၀)ကို စက်သုံးဆီဝယ်ယူခွင့်(PO) ပမာဏလျော့ချတာ၊ ဒဏ်ငွေ ရိုက်တာနဲ့ ပြင်းထန်စွာသတိပေးတာတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို ဖြစ်စဉ်တွေ ထပ်မံဖြစ်ပေါ်လာမယ်ဆိုရင် စက်သုံးဆီအရောင်းဆိုင်တွေကို အမြဲတမ်းပိတ်သိမ်းပြီး ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင် ရာဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်လို့ လုပ်ငန်းရှင်တွေအနေနဲ့ အရောင်းဆိုင်တွေကို စိစစ်ကြပ်မတ်သွားဖို့ ဝန်ကြီးဌာနက သတိပေးထားတယ်လို့လည်း သိရပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ QR Code၊ Barcode နဲ့ Scan ဖတ် ရောင်းချတာမှာ မှန်ကန်မှုရှိစေရေး စက်သုံးဆီအရောင်းဆိုင်တွေကို အမှန်တကယ်လာရောက်ဝယ်ယူတဲ့ ယာဉ်တွေကိုပဲ Scan ဖတ်ရောင်းချဖို့နဲ့ မသမာတဲ့နည်းလမ်း နဲ့ QR Code၊ Barcode ရောင်းအားမြင့်အောင် လုပ်နေတာကို စိစစ်တွေ့ရင် ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနဲ့အညီ အရေးယူနေတာပဲဖြစ်ပါတယ်။
စက်သုံးဆီဖြန့်ဖြူးရောင်းချတာ စနစ်တကျဖြစ်စေဖို့အတွက် နည်းပညာနဲ့ ထိန်းချုပ်နေတာမှာ Control Center ကနေ စောင့်ကြည့်စစ်ဆေးနေသလို နည်းပညာအဆင့်မြှင့်တာတွေလည်း အမြဲလုပ်နေတယ်လို့ ဆိုပါတယ်။
#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန

