၁၆ စက်တင်ဘာ ၂၀၂၆ (Eastern Thanlwin)
ဗကြီး
ထိုင်းနိုင်ငံ ပရာချူအပ် ချီရီခန်းဒေသ ဆွတ်ခ်ချစ်လမ်းပေါ်မှာ ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးချိန် ထွက်ပြေးတဲ့ ယာဥ်တစ်စီးက လူနေအိမ် အုတ်နံရံအား ဝင်တိုက်မိပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ခရစ္စတယ် မက်သာဖက်တမင်း ၄၆၄ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။
စက်တင်ဘာ ၁၆ ရက်က အဆိုပါ ဒေသရှိ ဆွတ်ခ်ချစ် လမ်းပေါ်မှာ ရဲတပ်ဖွဲ့ လိုက်ဖမ်းချိန် ထွက်ပြေးတဲ့ အသက် ၂၃ နှစ် အရွယ် ယာဉ်မောင်းဟာ လူနေအိမ် တစ်လုံးရဲ့ အုတ်နံရံကို ကားနဲ့ ဝင်တိုက်မိပြီး ဆက်မပြေးနိုင်ဖြစ်ခဲ့ ပါတယ်။
မင်သာဒါလို့ပဲ ဖော်ပြထားတဲ့ သံယယရှိသူကို ဒွန်စိုင်း မီးပွိုင့်အနီးမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပြီး မီးခိုးရောင် ဟွန်ဒိုင်း ကားပေါ်မှာ အိတ် ၂၅ အိတ်နဲ့ ထည့်ထားတဲ့ မက်သာဖက်တမင်း ၄၆၄ ကီလိုဂရမ် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ကားဟာ ထိုင်းတောင်ပိုင်းသို့ မူးယစ်ဆေးသွားရောက်ပို့ဆောင်တယ်ဆိုတဲ့ သံသယကြောင့် အဝေးပြေးလမ်း မူးယစ်ဆေး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စစ်ဆင်ရေး ပြုလုပ်ခဲ့တာ ဖြစ်ပြီး ညွှန်းဆိုဖော်ပြထားချက်တွေ အားလုံးနဲ့ ကိုက်ညီတဲ့ ကားကို တွေ့ရှိခဲ့တာပါ။
ရဲတပ်ဖွဲ့က တားဆီး စစ်ဆေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မောင်းပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ကားမှာ လမ်းချော်သွားပြီး လူနေအိမ် တစ်လုံးရဲ့ အုတ်နံရံကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ ပါလာတဲ့ မူးယစ်ဆေးတွေကို မယ်ဆိုင်ကနေ သယ်လာတာ ဖြစ်ပြီး တောင်ပိုင်းသို့ သွားမယ့် ခရီးစဉ် အတွင်း ရတ်ချာနာဘူရီမှာ ညအိပ်ရပ်နားခဲ့ပြီး ယာဉ်မောင်းက ဆောင်ကလာ ဒေသသို့ မူးယစ်ဆေးတွေ သွားမပို့ခင် ချူအမ်ဖွန်မှာ နောက်တစ်ညထားဖို့ စီစဉ်ထားတယ်လို့ ယာဉ်မောင်းက ထွက်ဆိုထားကာ အဆိုပါခရီးအတွက် သူ့အနေနဲ့ ဘတ် ၅ သိန်းရမှာ ဖြစ်တယ်လို့ ထွက်ဆိုထားပါတယ်။

