၁၆ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)
NPW
ငြိမ်းချမ်းရေးလုပ်စဉ်တွေ ဆောင်ရွက်နေတဲ့ ကာလအတွင်း နိုင်ငံတော်ဘက်က ပြည်သူတွေနေရပ်ပြန်လာရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်လို့ RCSS အတွင်းရေးမှုး(၁) စဝ်စိုင်းငင်းက ပြောပါတယ်။
အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ စက်တင်ဘာ (၁၅) ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး RCSS အတွင်းရေးမှုး(၁) စဝ်စိုင်းငင်းက အခုလိုပြောဆိုခဲ့တာပါ။
ငြိမ်းချမ်းရေးလုပ်စဉ်တွေ ဆောင်ရွက်နေတဲ့ ကာလအတွင်းမှာ အစိုးရဘက်က ပြည်သူတွေနေရပ်ပြန်လာရေးနဲ့ ပြန်လည်ထူထောင်ရေး အစီအမံတွေကို ဆောင်ရွက်ပေးဖို့လိုကြောင်းနဲ့ ၎င်းတို့အနေနဲ့လည်း ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ကူညီ ဆောင်ရွက်ပေးနေသလို မူးယစ်ဆေးဝါးနဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးတို့မှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ စဝ်စိုင်းငင်းက ဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီရဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းရေးနဲ့ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားတဲ့ ဆွေးနွေးပွဲတွေပြုလုပ်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးရန် တရားဝင်ဖိတ်ခေါ်တာကို ကြိုဆိုတယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဌဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခင် သဘောတူညီထားတဲ့ အပိုင်းတွေကို လိုက်နာပြီး ရှေ့ဆက်အကောင်အထည်ဖော်မယ့် နည်းလမ်းတွေကို ဆွေးနွေးပေးဖို့နဲ့ ယခင်ချုပ်ဆိုထားတဲ့ စာချုပ်တွေကို လိုက်နာဆောင်ရွက်ခဲ့သလို ယုံကြည်မှု တည်ဆောက်နိုင်မှ ငြိမ်းချမ်းရေးလုပ်ငန်း ရှေ့ဆက်နိုင်မှာဖြစ်လို့ နည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်ဆောင်ရွက်ပေးဖို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ အသက်မွေးဝမ်းသင်တန်းကျောင်းတွေ ဖွင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေတာတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)အနေနဲ့ “၀” ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ မိုင်းလားအဖွဲ့ဖြစ်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အဖွဲ့(NDAA)တို့နဲ့လည်း တွေ့ဆုံဆွေးနွေးထားပါသေးတယ်။

