၁၆ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကို မယ်ဆိုင်ဘက်မှ အသားငါးနဲ့ ကုန်စိမ်းတင်သွင်းခွင့်ကို မြန်မာအာဏာပိုင်တွေက ကန့်သတ်ထားကြောင့် ကုန်စည်ရှားပါးနေပြီး ဒေသခံဈေးသည်တွေအနေနဲ့လည်း ရောင်းချဖို့ကုန်မရှိတာကြောင့် အခက်တွေ့နေတယ်လို့ အရှေ့သံလွင်သတင်းဌာနက စုံစမ်း သိရှိရပါတယ်။
ယမန်နေ့ စက်တင်ဘာ ၁၅ ရက်နေ့က ထိုင်းနိုင်ငံမယ်ဆိုင်ဘက်မှ တာချီလိတ်မြို့ကို တင်သွင်းတဲ့ အသား၊ငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို သယ်ဆောင်လာတဲ့ သုံးဘီးနဲ့ ကားတွေကို တရားမဝင်တင်သွင်းလာလို့ဆိုပြီး မြန်မာအာဏာပိုင်တွေက ဖမ်းဆီးလိုက်တာကြောင့် ဒီနေ့မှာ ထိုင်းနိုင်ငံက တင်သွင်းခွင့်မရတော့ဘဲ ကုန်စည်ရှားပါးနေတာဖြစ်ပါတယ်။
“အစ်မတို့ကတော့ အဲ့လိုမျိုးဖြစ်မယ် မသိဘူးလေမောင်လေး ။ တကယ်လို့ ကုန်ဝင်လာရင် လာတဲ့လူနားကဘဲ ယူရောင်းမှာပေါ့နော်။ အမတို့က တစ်နေ့ယူတဲ့ အသား တစ်နေ့ပြန်ရောင်းစားတဲ့ အလုပ်ဘဲ လုပ်တက်တယ်လေ ။ ကျန်တဲ့ဟာတွေလည်း အမတို့မလုပ်တက်ဘူး” လို့ အသား၊ ငါးရောင်းချသူ မချော်အိထွေးမှ အရှေ့သံလွင်မီဒီယာကိုပြောပါတယ်။
အခုလိုတင်သွင်းတဲ့ အသားငါးနဲ့ ကုန်စိမ်းတွေကို တာချီလိတ်မြို့အတွင်းက ဝမ်ကောင်းဈေး ၊ ဆန်ဆိုင်ဈေးနှင့် အခါးဈေး၊ ပါလျံဈေးတို့မှာ အဓိက ရောင်းချနေတာပဲဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းက မြို့နယ်အချို့ကိုလည်း တာချီလိတ်ကတဆင့် တင်ပို့နေတာဖြစ်ပါတယ်။
ဈေးကွက်အတွင်း အဓိက ပြတ်လပ်နေတဲ့ ကုန်စည်တွေမှာ ကြက်သား၊ ငါးအဓိကဖြစ်နေပြီး ဝယ်လိုအားမြင့်တက်နေတဲ့အတွက် တစ်ချို့သော ဆိုင်တွေမှာ ဈေးအနည်းငယ်တက်နေပြီး အချို့သောဈေးတွေက အသားစိမ်းဈေးတန်းတွေကတော့ ရောင်းချဖို့မရှိတဲ့အတွက် ဆိုင်ပိတ်ထားရတယ်လို့လည်း သိရှိရပါတယ်။
“လောလောဆယ် ကျွန်မတို့ဒီဘက်ကမ်းကထွက်တဲ့ ဟင်းသီးဟင်းရွက်ပေါ့။ အဲ့ဒီဟာကိုသွားကောက်ပြီးရောင်းတယ်။ ယိုးဒယားကတော့ နောက်သုံးလေးရက်နေရင် ဝင်မယ်လို့တော့ပြောတယ်။ လောလောဆယ်တော့ ယိုးဒယားပစ္စည်းမရှိဘူးပေါ့။ အခုက ဒီဘက်က ထွက်တာရောင်းတယ်။ အရင်နေ့က လက်ကျန်လေးနည်းနည်းပေါ့။ တခြားဈေးတက်တာကလား တခြားဈေးတက်တာက ထူးထူးခြားခြားသိမ့်တက်တာတော့ လောလောဆယ်မရှိပါဘူး” လို့ ကုန်စိမ်းရောင်းချသူ ဒေါ်ဝင်းဝင်းမာက အရှေ့သံလွင်ကိုပြောပါတယ်။
အခုလက်ရှိမှာတော့ ဒေသခံဈေးသည်နဲ့ ကုန်သည်တွေမှာ ဈေးကွက်အတွင်း လိုအပ်နေတဲ့ အသား၊ ငါးများ မဝင်ရောက်လာပါက အခြားနေရာဒေသတွေမှ ရရာနည်းလမ်းများနဲ့ ဝယ်ယူပြီး ပြန်လည်ရောင်းချရန် ကြိုတင်စဥ်စားမှုတွေရှိနေပေမဲ့လည်း မယ်ဆိုင်ဘက်မှ ပုံမှန်ကုန်စည်စီးဆင်းမှုကိုသာ ပိုမိုလိုလားတယ်လို့သိရပါတယ်။
တာချီလိတ်မြို့အပါအဝင် မိုင်းဖြတ်၊ မိုင်းဆတ် မြို့နယ်တွေနဲ့ ကျေးရွာတွေမှာ ရောင်းချနေတဲ့ ကြက်သားနဲ့ ငါးတွေမှာလဲ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကတဆင့် ဝယ်ယူပြီး ဈေးပတ်ကားနဲ့ နေ့စဉ် ရောင်းချနေရတာဖြစ်တဲ့အတွက် ဈေးကွက်အတွင်း အသားငါးလိုအပ်ချက်မှာ မြှင့်တက်နေတာဖြစ်ပါတယ်။

