၁၇ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ပုန်းထွန်ချောင်းအတွင်း မိုးရွာသွန်းမှုနဲ့ တောင်ကျရေများကြောင့် ရေစီးအားမြင့်တက်ခဲ့ပြီး ချောင်းဘေးကမ်းပါးကို ထိန်းထားတဲ့ ကျောက်ဆူးသံကြိုးများမှာ ရေတိုက်စားမှုကြောင့် အချို့နေရာများ ပြိုကျပျက်စီးခဲ့ရတယ်လို့ ဒေသခံများထံက သိရပါတယ်။
အဆိုပါ ကျောက်ဆူးသံကြိုးများအနက် အချို့ကို ယခင်က ခိုးယူခံခဲ့ရသဖြင့် ချောင်းရေတိုက်စားမှုကို ထိန်းထားနိုင်မှု အားနည်းလာခဲ့ပြီး အက်ကွဲမှုများလည်း ဖြစ်ပေါ်နေခဲ့ရတာပါ။
ထိုအခြေအနေမှာ မကြာသေးမီရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ဝင်ရောက်လာသဖြင့် ရေတိုက်စားမှု ပိုမိုပြင်းထန်ကာ အချို့အပိုင်းများ ပြိုကျပျက်စီးခဲ့ရခြင်းဖြစ်ပါတယ်။
အဆိုပါ ချောင်းကမ်းပါး ထိန်းသိမ်းရေးလုပ်ငန်းများကို ဆည်မြောင်းဦးစီးဌာနက နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ထိန်းသိမ်းထားခြင်းဖြစ်ပြီး ဩဂုတ်လအတွင်းတွင်လည်း အဆိုပါ သံကြိုးများ နှစ်ကြိမ်ခန့် ခိုးယူခံခဲ့ရပါတယ်။
“ရေက နည်းနည်းကျသွားတဲ့အခါကျတော့ တိုက်စားပြီလေ။ ဖြတ်ထားတဲ့နေရာကထက် အပြစ်ရှာတာ။ အဲ့ကနေ စတာပေါ့။ အဲ့နောက် အားပျော့သွားတဲ့ အခါကျတော့ ကျန်တဲ့ဟာက တင်းပြီးတော့ ပြတ်ထွက်သွားတာ အားလုံး တူညီချက်ထိန်းတာ မဟုတ်တော့ဘူးလေ။ ဒီနားမှာ ၂ ခန်း၊ အဆုံးမှာ ၂ ခန်း၊ အလယ်မှာ ၂ ခန်း ၊ ၆ ခန်း ဖြတ်ထားတာ ။ ၆ ခန်းဆိုတာက နည်းတာမဟုတ်ဘူး” လို့ မယ်ဆိုင်ချောင်းဘေးမှာ နေထိုင်တဲ့ ဒေသခံ တစ်ဦးက အရှေ့သံလွင် သတင်းဌာနကို ပြောပါတယ်။
ထို့အပြင် ချောင်းဘေးအနီးကို အိမ်ခြေရာမဲ့ နှင့် ဆင်းရဲနွမ်းပါးသူအချို့က ချောင်းအတွင်းမြောပါလာတဲ့ သံဗူးခွံများ၊ ရေဗူးခွံများနဲ့ အခြားသံထည် ပစ္စည်းများကို မကြာခဏဆိုသလို လာရောက် ကောက်ယူတာတွေ ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိ ချောင်းဘေး ရပ်ကွက်များ၏ ဘေးကင်းလုံခြုံရေးအတွက် ရပ်ကွက်တာဝန်ရှိသူများနှင့် ချောင်းဘေး နေထိုင်သူများက ပျက်စီးနေတဲ့ နေရာများကို စောင့်ကြည့်နေရပြီး ခိုးယူသူများကိုလည်း စုံစမ်း ဖော်ထုတ်ဖမ်းဆီးရန် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

