၁၁ စက်တင်ဘာလ ၂၀၂၆ | Eastern ThanLwin
ကိုဇက်
လာအိုနိုင်ငံမှာ တရားမဝင် ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်နေတယ်လို့ စွပ်စွဲခံထားရတဲ့ တရုတ်နိုင်ငံသား (၁၄၂)ဦးကို လာအိုအာဏာပိုင်တွေက တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။
စက်တင်ဘာ (၁၀)ရက်နေ့က လွမ်နမ်သာပြည်နယ် ဘိုတင် နယ်စပ်ဂိတ်ကနေ လာအို-တရုတ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့တွေ ပူးပေါင်းပြီး လွှဲပြောင်းခဲ့တာပါ။
ဖမ်းဆီးခံရသူတွေဟာ တရားဝင် နယ်စပ်ဂိတ်ကနေ မဝင်ရောက်တာ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်နဲ့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာ၊ လာအိုနိုင်ငံမှာ တရားမဝင်နေထိုင်တာတွေကြောင့် အရေးယူခံထားရတာလို့ လာအိုအာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီအုပ်စုဟာ အင်တာနက်ကတစ်ဆင့် ကျူးလွန်တဲ့ ဆိုက်ဘာရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်နိုင်တယ်လို့လည်း သံသယရှိထားပါတယ်။
လွှဲပြောင်းပေးအပ်ချိန်မှာ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းအများအပြားကိုလည်း သက်သေအဖြစ် တရုတ်ရဲတပ်ဖွဲ့ထံ ပေးအပ်ခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ လာအိုဘက်က ထုတ်ပြန်ထားပါတယ်။

