၁၁ စက်တင်ဘာလ ၂၀၂၆(Eastern ThanLwin)
NPW
မန္တလေးတိုင်းဒေသကြီး တံတားဦးလေဆိပ်ကို ယမန်နေ့ စက်တင်ဘာ (၁၀) ရက်က FPV Suicide Drone ၆ စင်းနဲ့ တိုက်ခိုက်တာကို အချိန်မီ တားဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတော် အစိုးရကစက်တင်ဘာ (၁၁) ရက်က သတင်းထုတ်ပြန်ပါတယ်။
တံတားဦးလေဆိပ်နဲ့ အနီးဝန်ကျင်နေရာတွေကို ဒရုန်း ၆ စင်းနဲ့ တိုက်ခိုက်တာကို လေကြောင်းရန် ကာကွယ်ရေးစနစ်နဲ့ ထောက်လှမ်းသိရတဲ့အတွက် ဟန့်တားနိုင်ခဲ့ပြီး ဒရုန်းပါ ဖောက်ခွဲရေးပစ္စည်းတွေကို သက်မဲ့ပြုလုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် လူ၊ ယာဉ်နဲ့ လေယာဉ်ပြေးလမ်းတွေ ထိခိုက်ပျက်စီးတာ မရှိခဲ့ပေမယ့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်တချို့ကို ခေတ္တရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
သောင်းကျန်းသူအဖွဲ့တွေအနေနနဲ့ ဒေသဖွံ့ဖြိုးမှု၊ အစိုးရယန္တရားနဲ့ တည်ငြိမ်အေးချမ်းမှုတို့ ပျက်ပြားစေဖို့ အခြေခံဆောက်အအုံတွေ၊ လမ်း၊ တံတားတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံးတွေကို မိုင်းထောင်ဖျက်စီးတာ၊ ရှော့တိုက်ဒုံးတွေနဲ့ ပစ်တာ၊ Drop Bomb တွေနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း အစိုးရက ဆိုထားပါတယ်။
အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အများပြည်သူသွားလာရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးအတွက် အထောက်အကူပြု လေကြောင်းပို့ဆောင်ရေးဖြစ်တဲ့ လေယာဉ်ကွင်းကို တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု(War Crime)ကို ကျုးလွန်းတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

