၁၁ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နိုင်ငံခြားခရီးစဉ် သွားမယ့်သူတွေ၊ နိုင်ငံခြားကနေ မန္တလေးကို ပြန်ဝင်လာမယ့်သူတွေအတွက် လတ်တလောမှာတော့ လေကြောင်းခရီးစဥ်တွေ ရပ်နားထားတယ်လို့ သက်ဆိုင်ရာ လေကြောင်းလိုင်းတွေက အသီးသီး သတင်းထုတ်ပြန်ပါတယ်။
MAI လေကြောင်းလိုင်းရဲ့ ထုတ်ပြန်ချက်အရ လုပ်ငန်းလည်ပတ်မှုအခြေအနေတွေနဲ့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဝင်ရောက်မယ့် နိုင်ငံတကာလေယာဉ်တွေနဲ့ အဲဒီလေဆိပ်ကနေ ထွက်ခွာမယ့် နိုင်ငံတကာခရီးစဉ်တွေကို စက်တင်ဘာ ၁၀ ရက် ညပိုင်းက စလို့ ယာယီရပ်နားထားတယ်လို့ ဆိုပါတယ်။
ဘယ်အချိန်မှာ ပုံမှန်ပြန်လည်ပြေးဆွဲမလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ အတိအကျ မသိရသေးဘဲ ထပ်မံအသိပေးချက် ထွက်လာတဲ့အထိ ရပ်နားထားမယ်လို့ MAI က ဆိုပါတယ်။
ဒါ့အပြင် မန္တလေးလေဆိပ်ကို အသုံးပြုဖို့ စီစဉ်ထားတဲ့ MAI နဲ့ မင်္ဂလာလေကြောင်းလိုင်းတို့ရဲ့ ပြည်တွင်းခရီးစဉ်တွေကိုလည်း ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်ဘက်ကို ပြောင်းပြီး ပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။
ခရီးစဉ်ပြောင်းလဲမှုကြောင့် အခက်အခဲဖြစ်သွားတဲ့ ခရီးသည်တွေအနေနဲ့ လက်မှတ်ဖိုးကို အပြည့်အဝ ပြန်အမ်းယူနိုင်သလို၊ ထိုင်ခုံနေရာ လွတ်ရှိရင်လည်း ခရီးစဉ်လမ်းကြောင်းကို အခမဲ့ တစ်ကြိမ်ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့ လက်မှတ်ကို ခရီးသွားအေဂျင်စီ ဒါမှမဟုတ် အွန်လိုင်းကိုယ်စားလှယ်တွေကနေ ဝယ်ထားတာဆိုရင်တော့ ကိုယ်ဝယ်ထားတဲ့ အေဂျင်စီ၊ ကိုယ်စားလှယ်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့ MAI က အသိပေးထားပါတယ်။
လက်ရှိအခြေအနေကြောင့် ခရီးသည်တွေအနေနဲ့ အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက်လည်း MAI ဘက်က တောင်းပန်ထားပါတယ်။
လေကြောင်းခရီးစဉ်တွေနဲ့ပတ်သက်ပြီး အခြေအနေအသစ်တွေ၊ ပြန်လည်ပြေးဆွဲမယ့် အစီအစဉ်တွေ ထပ်မံပေါ်ပေါက်လာရင်တော့ MAI ရဲ့ တရားဝင်ချန်နယ်တွေကနေ ဆက်လက်အသိပေးသွားမယ်လို့ သိရပါတယ်။
မန္တလေးက နိုင်ငံတကာလေဆိပ်ဖြစ်တဲ့ တံတားဦးလေဆိပ်ကို မနေ့က စက်တင်ဘာ(၁၀)ရက် နေလည်ပိုင်းက ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လေဆိပ်ကိုဆင်းမယ့် လေယာဉ်များ ထွက်ခွာလာတဲ့ လေဆိပ်တွေမှာ ပြန်လည် ဆင်းသက် ရပ်နားခဲ့ရပါတယ်။
ဒရုန်းတိုက်ခိုက်ခံရမှုမှာ တံတားဦးလေဆိပ် အဆောက်အဦတွေကို ထိခိုက်ခြင်း မရှိဘူးလို့ ဆိုပြီး လေဆိပ်အနီးဝန်းကျင်မှာသာ ဒရုန်းကျရောက် ပေါက်ကွဲခဲ့တယ်လို့ သက်ဆိုင်ရာက အသိပေးထုတ်ပြန်ထားပါတယ်။

