၁၁ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )
ကြည်ညို
ဒီနေ့ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ နိုင်ငံတစ်၀န်းက မြို့ကြီးအများစုမှာ System Breakdown ကြောင့် လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက်အရ မနက် ၆ နာရီ ၂၈ မိနစ်ဝန်းကျင်မှာ ၂၃၀ ကေဗွီ သပြေဝ-တောင်တွင်းကြီး ဓာတ်အားလိုင်းမှာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့တာကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ လျှပ်စစ်ဓာတ်အားကို အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ဖို့ လျှပ်စစ်ဝန်ထမ်းတွေက အချိန်နဲ့တပြေးညီ ပြုပြင်နေတယ်လို့ ဆိုပါတယ်။
ဓာတ်အားပြတ်တောက်မှုကို ပြန်လည်ဖြေရှင်းပြီး မီးပြန်ရရှိဖို့ အချိန်အားဖြင့် ၂ နာရီဝန်းကျင်လောက် ကြာနိုင်တယ်လို့လည်း လျှပ်စစ်ဓာတ်အားပေးရေးဘက်က အသိပေးထားပါတယ်။
ဒါကြောင့် လက်ရှိအချိန်မှာ မီးပျက်နေတဲ့အခြေအနေကို ပြန်လည်ပြုပြင်နေပြီး ဓာတ်အားပြန်လည်ရရှိရေး သက်ဆိုင်ရာဝန်ထမ်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ရန်ကုန်နဲ့ မြို့ကြီးတွေမှာ မိုးတွင်းကာလအတွင်း လျှပ်စစ်မီးကို အချိန်ပိုင်နဲ့ ပေးဝေနေမှုကို လျှော့ချလာပြီး လျှပ်စစ်မီးကို ပိုမိုပြီး အပြည့်အ၀ရရှိလာတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

