Language:

ထိုင်းနိုင်ငံက သူငယ်တန်းကျောင်းတစ်ကျောင်းမှာ ရဲအရာရှိက ဇနီးဖြစ်သူ ဆရာမကို သေနတ်ဖြင့် ပစ်ခတ်ရာ ‌သေဆုံးခဲ့ရ


ထိုင်းနိုင်ငံက သူငယ်တန်းကျောင်းတစ်ကျောင်းမှာ ရဲအရာရှိက ဇနီးဖြစ်သူ ဆရာမကို သေနတ်ဖြင့် ပစ်ခတ်ရာ ‌သေဆုံးခဲ့ရ

၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)

ဇင်ကြီး

ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် ဘန်လမ်လုံခရိုင်မှာ စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက သူငယ်တန်းကျောင်း တစ်ကျောင်းမှာ တာဝန်ထန်းဆောင်နေတဲ့ အမျိုးသမီးကို ခင်ပွန်းဖြစ်သူ ရဲရာရှိ တစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ ဘန်လမ်လုံခရိုင် နောင်ပလာလိုင်ဒေသရှိ နောင်ပလာလိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် သူငယ်တန်းကျောင်းမှာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ ၄၄ ဦးနဲ့ ဆရာ၊ ဆရာမများအား ဘေးလွတ်ရာသို့ အမြန်ရွှေ့ပြောင်းပေးခဲ့ပြီး ကလေးငယ်အားလုံး ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း ပစ်ခတ်သံကြောင့် အချို့ကလေးတွေ ထိတ်လန့်ကြောက်ရွံ့ခဲ့ရပါတယ်။

ထို့နောက် ရဲတပ်ဖွဲ့က ကျောင်းစားသောက်ဆိုင် မြေညီထပ်မှာ အသက် ၄၈ နှစ်အရွယ် ဆရာမ ပိုင်လင် ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ဘယ်ဘက်နားအနီးတွင် သေနတ်ဒဏ်ရာရရှိထားပြီး အခင်းဖြစ်ရာအနီးမှ ၉ မီလီမီတာ ကျည်ခွံတစ်ခုကိုလည်း တွေ့ရှိသိမ်းဆည်းခဲ့ပါတယ်။

ဘန်လမ်လုံရဲစခန်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုအရ သေနတ်နဲ့ ပစ်ခတ်ခဲ့သူမှာ ယင်းရဲစခန်းမှာ ကင်းလှည့်တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိ တာဆာပေါင် ဖြစ်ပြီး သေဆုံးသူ ဆရာမရဲ့ ခင်ပွန်းဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ်အရွယ် မျက်မြင်သက်သေ ဆွမ်ယွတ်ဆမ်ဂွမ်ဝေါင်၏ ပြောကြားချက်အရ အမျိုးသား တစ်ဦးက ကားနဲ့ ကျောင်းသို့ ရောက်လာပြီး ဆရာမထံ ချဉ်းကပ်ကာ စကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ထို့နောက် သေနတ်ပစ်သံ ကြားရပြီးနောက် အနီးရှိလူများမှာ ကြောက်လန့် ထွက်ပြေးခဲ့ကြပြီး သေနတ်သမားမှာလည်း ကားပေါ်ပြန်တက် မောင်းနှင်ထွက်ခွာသွားကြောင်း ၎င်းက ဆိုပါတယ်။

ဖြစ်စဉ်ကြောင့် ကျောင်းကို ယာယီပိတ်ထားခဲ့ပြီး ထိတ်လန့်ခဲ့ရတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ကျောင်းဝန်ထမ်းများ စိတ်ကျန်းမာရေး အထောက်ပံ့ ပေးအပ်နိုင်ရန် စိတ်ကျန်းမာရေး ကျွမ်းကျင်သူများလည်း စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မကြာသေးမီက ကျောင်းများ၊ လူထူထပ်ရာ နေရာများ၌ သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ သေနတ်ကိုင်ဆောင်ခွင့်၊ ဝယ်ယူခွင့်တွေ ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေလည်း မြင့်တက်လာခဲ့ပါတယ်။

အစိုးရကလည်း သေနတ်ဆိုင်ရာ စည်းမျဉ်းများကို ပြန်လည်သုံးသပ်ရန် ညွှန်ကြားထားပြီး သေနတ်ဝယ်ယူခွင့် လိုင်စင်အသစ်များ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်းခြင်း၊ လက်ရှိလိုင်စင်များ ပြန်လည် စစ်ဆေးခြင်းတို့ လုပ်ဆောင်နေကြပါတယ်။

ထိုင်းနိုင်ငံဟာ သေနတ်ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေ တင်းကျပ်မှုရှိသော်လည်း အာရှဒေသအတွင်း အရပ်သားများ သေနတ်ကိုင်ဆောင်မှုနှုန်း မြင့်မားတဲ့ နိုင်ငံတွေအနက် တစ်နိုင်ငံဖြစ်ပါတယ်။

#ထိုင်းကသူငယ်တန်းကျောင်း

#ရဲအရာရှိက

#ဇနီး

#သေနတ်ဖြင့်ပစ်ခတ်

#သေဆုံးမှု

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin