၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဇင်ကြီး
ပြည်တွင်း စပါးအထွက်နှုန်းနည်းပါးခြင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာနေကြောင်း ဒေသခံ ဆန်ရောင်းဝယ်သူများထံက သိရပါတယ်။
တာချီလိတ်မြို့၏ ဆန်ဈေးနှုန်းများသည် ပြည်တွင်းမှ ဆန်ဝင်ရောက်ရရှိမှု အခြေအနေအပေါ် မူတည်ကာ အတက်အကျရှိနေပြီး လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့် သယ်ယူပို့ဆောင်ရေး ခရီးအကွာအဝေး ရှည်လျားမှုတို့ကလည်း ဆန်ဈေးနှုန်းအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေကြောင်း သိရပါတယ်။
ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက တာချီလိတ်မြို့ ၌ ဆန်ကြမ်းဈေးနှုန်းသည် ယခင်ကထက် ပိုမိုမြင့်တက်နေတာြဖစ်ပြီး လမ်းစရိတ်နှင့် သယ်ဆောင်သည့် အခွန်ခများလာတယ်လို့ သိရပါတယ်။
“အမတို့ အရင်တုန်းက ၁၂၀၀ ရောင်းတဲ့ဟာဆိုရင် ၁၂၅၀။ တစ်အိတ်ကို ၅၀ လောက်တက်တယ်။ အဲ့ဒါက ဒီရာသီရောက်ရင် ပုံမှန်ပါပဲ။ ပုံမှန်တက်တဲ့ အချိန်ပေါ့။ ဒါပေမဲ့ တစ်ခုဆိုးတာတော့ ပြည်မကြီးထဲမှာတော့ တက်တယ်။ စပါးကမရှိတာ။ စပါးတွေက ပြီးခဲ့တဲ့နှစ် ရေမြုပ်ထားတဲ့အချိန်ဆိုတော့ ဒီနှစ်မှာထိတာပေါ့လေ။ ဒီနှစ်ဟာက နောက်နှစ်ထိမှာ။ အဲ့လိုမျိုးပေါ့။ စပါးမရှိတာဆိုတော့ ပြည်မကြီးထဲမှာတော့ တက်တယ်။ အစ်မတို့က ဒီဘက်မှာ ထိန်းပြီးရောင်းကြတာ။ ထိန်းပြီးရောင်းကြတာဆိုတော့ အရင်တုန်းက ကုန်သည်တွေက ၁၀၀ လောက် မြတ်တယ်ဆိုရင် အခုက ၅၀ လောက် မြတ်တယ်။ သူ့ရဲ့အမြတ်ထဲကနေ တက်တာကိုလျော့ချလိုက်တာ”လို့ တာချီလိတ်မြို့မှ ဆန်ရောင်းချသူ မနန်းမွန်က အရှေ့သံလွင် မီဒီယာကို ပြောပါတယ်။
ပြည်တွင်း ဆန်ဈေးနဲ့အတူ တာချီလိတ်မှာလဲ ဆန်ဈေးနှုန်း တဖြည်းဖြည်းမြင့်တက်နေပြီး ပေါ်ဆန်းမွှေးတစ်အိတ်ကို ဘတ်(၂၂၅၀) ပေါက်ဈေးရှိတဲ့အတွက် သယ်ယူခနဲ့ ပြည်တွင်းဈေးကွက်အနည်းငယ် ဈေးတက်လာတဲ့အပေါ် ဆန်ဈေးတွေတက်လာတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဆန်ရောင်းချသူများအနေဖြင့် ပြည်တွင်းစပါးထွက်နှုန်း နည်းပါးနေခြင်းနှင့် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်နေခြင်းတို့ကြောင့် လာမည့်ကာလတွင် ဆန်ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်ခြေ ရှိ၊ မရှိကို စောင့်ကြည့်နေရကြောင်း သိရသည်။
#ပြည်တွင်းစပါးအထွက်နှုန်းနည်းပါးခြင်း

