၁၀ စက်တင်ဘာလ ၂၀၂၆ (Eastern Thanlwin)
ဖိုးစည်
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြိုနယ်ထဲက ငဝန်တာကျိုးပေါက်မှု ထိန်းချုပ်နိုင်ပြီလို့ ကြေညာပြီး နောက်တစ်ရက်မှာပဲ တာကျိုးနေရာက ပြန်ပွင့်တဲ့အတွက် အနီးပတ်ဝန်းကျင်ကို ရေတွေဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။
အချိန်တစ်လကျော်ကြာ နိုင်ငံတော်အဆင့်ပြုပြင်နေတဲ့ ငဝန်တာ ကျိုးပေါက်သွားခဲ့ရာ စက်တင်ဘာ (၈)ရက်မှာ ထိန်းချုပ်နိုင်ပြီလို့ တိုင်းအစိုးရက ကြေညာခဲ့တာပါ။
ဒါပေမဲ့ စက်တင်ဘာ (၉) ရက် ညပိုင်းမှာ လက်ရှိပြုပြင်နေတဲ့ နေရာကနေ ပေ (၃၀) လောက် ပွင့်ထွက်သွားပြီး ရေတွေအလုံးအရင်းနဲ့ ဝင်ရောက်ခဲ့လို့ လေးမျက်နှာမြို့နဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတချို့မှာ ရေပြန်တက်လာတာကြောင့် ဒေသခံတွေကို အရေးပေါ်ရွှေ့ပြောင်းကြဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ အခြေအနေ အရမ်းမဆိုးရွားသေးသော်လည်း ငဝန်မြစ်ရေတက်ချိန်အမီ မပြုပြင်နိုင်ပါက ယခင်ရက်ပိုင်းတွေက ကြုံခဲ့ရတဲ့ ရေဘေးလိုမျိုးအခြေအနေတွေ ပြန်ဖြစ်လာနိုင်တဲ့အတွက် နေအိမ်မှာ ပြန်နေနေတဲ့သူတွေကို ရွှေ့ ပြောင်းကြဖို သတိပေးနေတာဖြစ်ပါတယ်။
“ရေအခြေအနေပေါ်မူတည်မယ်။ ရေကျနေရင်တော့ ဒီလောက်ကြီး အခက်အခဲ မရှိလောက်ဘူး။ ရေတက်လာရင်တော့ အခက်အခဲရှိနိုင်တယ်။ ကြိုတင်ပြင်ဆင်ပြီး ရွှေ့သင့်တာတွေ ရွှေ့ကြ ပြောင်းကြဖို့ လိုမှာပေါ့နော်” လို့ မြေပြင်အခြေအနေကို သိရှိတဲ့ လူမှုကူညီရေးအသင်းတာဝန်ရှိသူ တစ်ဦးက အရှေ့သံလွင် သတင်းမီဒီယာဌာနကို ပြောပါတယ်။
လက်ရှိ ပြန်ပွင့်သွားတဲ့ တာကျိုးပေါက်နေရာက ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့ အနိမ့်ပိုင်း ရပ်ကွက်တွေ အပါအဝင် အိုင်သပြုကျေးရွာလမ်းစုံအထိပါ ရေပြန်တက်လာနေပြီလို့လည်း ဒေသခံသတက်းရင်းမြစ်တွေဆီက သိရပါတယ်။
ငဝန်တာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀) ရက် ညပိုင်းက ကျိုးပေါက်သွားတာဖြစ်ပြီး တစ်လကျော်အတွင်း မြို့နယ် (၅) ခုလောက်ကို ရေဘေးသင့်စေခဲ့တဲ့အပြင် ဒေသခံ သိန်းချီ ရေဘေးဒဏ်ခံရတဲ့အပြင် မိုးစပါးစိုက်ပျိုးဧက သိန်းနဲ့ချီ ရေမြုပ်ပျက်စီးခဲ့ရပါတယ်။

