၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
အမေရိကန် လေယာဉ်တင်သင်္ဘော USS Abraham Lincoln ပေါ်မှ ရေတပ်သား ထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံ ပတ္တယားမြို့မှာ ငါးရက်ကြာ အနားယူခွင့်ရရှိခဲ့ပြီး အဲဒီကာလအတွင်း ဘတ်ငွေ သန်း (၁၀၀) ကျော် သုံးစွဲခဲ့တယ်လို့ ပတ္တယားမြို့တော်ဝန် Poramase Ngampichet က ပြောပါတယ်။
ရေတပ်သား (၅,၀၀၀) ခန့် တင်ဆောင်ထားတဲ့ USS Abraham Lincoln ဟာ စက်တင်ဘာ (၂) ရက်နေ့က ဘန်ကောက်မြို့အနီး လာအမ်ချာဘမ်းဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့ပြီး၊ ပင်လယ်ပြင်မှာ ကိုးလနီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သားတွေကို ငါးရက်ကြာ အနားယူခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
စက်တင်ဘာ (၆) ရက် နံနက်ပိုင်းမှာတော့ အဆိုပါ လေယာဉ်တင်သင်္ဘောဟာ လာအမ်ချာဘမ်းဆိပ်ကမ်းကနေ ထွက်ခွာသွားခဲ့တယ်လို့ AFP သတင်းထောက်တွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကို နိုင်ငံခြားခရီးသွား ဝင်ရောက်မှု ကျဆင်းနေတဲ့ကာလမှာ အမေရိကန် ရေတပ်သားတွေ ရောက်ရှိလာတာဟာ ပတ္တယားမြို့ရဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ ဘားနဲ့ ဖျော်ဖြေရေး လုပ်ငန်းတွေအတွက် စီးပွားရေး အကျိုးကျေးဇူး ဖြစ်စေခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
မြို့တော်ဝန် Poramase Ngampichet က ရေတပ်သားတွေ သုံးစွဲတဲ့ အသုံးစရိတ်အပြင် သင်္ဘောပေါ် အသုံးပြုဖို့ သွားတိုက်ဆေး၊ အဝတ်လျှော်ဆပ်ပြာ၊ ရေချိုးဆပ်ပြာ အပါအဝင် ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ဒေါ်လာထောင်ပေါင်းများစွာ တန်ဖိုးရှိအောင် ရောင်းချနိုင်ခဲ့တာကြောင့် မြို့အတွက် ဝင်ငွေ ထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် ရေတပ်သားတွေ မရောက်ခင်က ပတ္တယားမြို့မှာ လုံခြုံရေး တိုးမြှင့်ထားပြီး လိင်လုပ်ငန်းနဲ့ ဆက်စပ်နေရာတွေကို စစ်ဆေးနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီဆောင်ရွက်ချက်တွေဟာ ရေတပ်သားတွေ လာရောက်မယ့် ခရီးစဉ်နဲ့ မသက်ဆိုင်ဘူးလို့ မြို့တော်ဝန်က ငြင်းဆိုထားပါတယ်။
ဒေသခံရဲတပ်ဖွဲ့ကတော့ ရေတပ်သားတွေရဲ့ အားလပ်ရက်ခရီးစဉ်အတွင်း အရေးကြီးတဲ့ လုံခြုံရေးပြဿနာ မဖြစ်ပွားခဲ့ဘူးလို့ ပြောပါတယ်။ အကြီးဆုံး ဖြစ်စဉ်အဖြစ် ပတ္တယားရှိ ဘားတစ်ခုအနီးမှာ အရက်မူးပြီး ရန်ဖြစ်ခဲ့တဲ့ ရေတပ်သား နှစ်ဦးကို သင်္ဘောပေါ် ပြန်ခေါ်ကာ ကမ်းတက်ခွင့် ပိတ်ပင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုသာ ရှိခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန် မီဒီယာတချို့က USS Abraham Lincoln ပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ရေတပ်သားတွေဟာ သွားတိုက်ဆေး၊ ဆပ်ပြာနဲ့ အခြေခံ တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းတွေ မလုံလောက်ဘဲ အရှေ့အလယ်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အဲဒီဖော်ပြချက်တွေကို ငြင်းဆိုထားပါတယ်။

