၈ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းအစိုးရက နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ရတဲ့ ပြည်သူတွေကို ပိုမြန်မြန်ဆန်ဆန် လျော်ကြေးပေးနိုင်ဖို့ အမျိုးသား သဘာဝဘေးအန္တရာယ် အာမခံစနစ်အသစ်ကို လာမယ့်အောက်တိုဘာလမှာ စတင်အသုံးပြုနိုင်အောင် စီစဉ်နေပါတယ်။
ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ ဒီစနစ်ကို စက်တင်ဘာလအတွင်း အပြီးသတ်ရေးဆွဲမှာဖြစ်ပြီး အိမ်ထောင်စုသန်း (၃၀) ကျော်ကို လွှမ်းခြုံပေးသွားမယ်လို့ ဆိုပါတယ်။
ဒီအာမခံစနစ်မှာ ရေဘေး၊ လေဘေးနဲ့ ငလျင်ဘေး ဆိုတဲ့ သဘာဝဘေး (၃)မျိုးကို အကာအကွယ်ပေးမှာဖြစ်ပြီး ပြည်သူတွေ အာမခံကြေးပေးဆောင်စရာမလိုဘဲ အစိုးရက နှစ်စဉ် အာမခံကြေးကို တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။
အစိုးရ သတ်မှတ်ထားတဲ့ အစီအစဉ်အရ ရေဘေးဖြစ်ရင် အိမ်တစ်လုံးကို ဘတ် (၁၀,၀၀၀) ချက်ချင်းပေးမယ်။ လေဘေး ဒါမှမဟုတ် ငလျင်ဘေးဖြစ်ရင် ဘတ် ၅,၀၀၀ အရင်ဆုံး ထုတ်ပေးမယ်လို့ သိရပါတယ်။
အဲဒီနောက် အိမ်ပျက်စီးဆုံးရှုံးမှု အမှန်တကယ် ဘယ်လောက်ရှိသလဲဆိုတာ စိစစ်ပြီး ထပ်မံလျော်ကြေးပေးမှာဖြစ်ပါတယ်။ အိမ်တစ်လုံးအတွက် လျော်ကြေး စုစုပေါင်း ဘတ် (၁၀၀,၀၀၀) အထိ ရနိုင်ပြီး၊ သဘာဝဘေးကြောင့် သေဆုံးသူတွေကိုတော့ တစ်ဦးလျှင် ဘတ် (၂) သန်း ပေးချေသွားမယ်လို့ အစိုးရက ပြောပါတယ်။
နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ လျော်ကြေးကို ၁၅ ရက်အတွင်း ပေးချေနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
ထိုင်းအစိုးရက ဒီစနစ်အတွက် နှစ်စဉ် ဘတ် (၁၅.၅) ဘီလီယံ လောက် သုံးစွဲရမယ်လို့ ခန့်မှန်းထားပေမယ့် အရင်နှစ်တွေက သဘာဝဘေးသင့် ပြည်သူတွေကို ပေးခဲ့ရတဲ့ ထောက်ပံ့ကြေးထက် နည်းတယ်လို့ ဆိုပါတယ်။
အစိုးရအနေနဲ့ ဒီအာမခံစနစ်ကို အကောင်အထည်ဖော်နိုင်ရင် သဘာဝဘေးဖြစ်တဲ့အခါ ပြည်သူတွေ လျော်ကြေးကို ပိုမြန်မြန်ရနိုင်သလို အစိုးရဘက်ကလည်း ဘေးအန္တရာယ်ဆိုင်ရာ ဘတ်ဂျက်ကို ပိုပြီး စနစ်တကျ စီမံခန့်ခွဲနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

