၈ စက်တင်ဘာလ ၂၀၂၆ ( Eastern ThanLwin)
စွန်ရဲ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းစျေးအနီး မဟာမြတ်မုနိဘုန်းကြီးကျောင်းအနောက်ဘက်နဲ့ ကိုးမြို့ရှင်နတ်နန်းရှေ့မှာ စျေးရောင်းနေတဲ့ စျေးသည်တွေကို ဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်းရှိ သတ်မှတ်ထားတဲ့နေရာမှာ ရောင်းချခွင့် ပေးလိုက်တယ်လို့ စျေးသည်တွေဆီက သိရပါတယ်။
အဲ့လို စျေးရောင်းချခွင့်ပေးတဲ့နေရာမှာ တစ်ဦးကို (၄)ပေ အကျယ်အဝန်းနဲ့ ပြန်လည်ရောင်းချခွင့် ပေးလိုက်တယ်လို့ နေရာမှာစျေးရောင်းချနေသူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီက ကိုးမြို့ရှင်နတ်နန်းရှေ့မှာ လမ်းဧရိယာအတွင်း ကျူးကျော်စျေးရောင်းချနေတဲ့ စျေးသည်တွေကို စက်တင်ဘာ (၄) ရက် နံနက်ပိုင်းက ရှင်းလင်းဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။
“အခုတော့ အကုန်အဆင်ပြေသွားပြီ။ စျေးကောက်ကန်ထရိုက်က နေရာဝယ်ထားတဲ့သူတွေ အကုန်လုံးကို တစ်ယောက် (၄)ပေ စီအကွက်ရိုက်ပြီး ပြန်ပေးတယ်။ နည်းနည်းတော့ အနောက်ဆုတ်ရတာပေါ့။ သူတို့ စည်းတားထားတဲ့ မျဥ်းအတိုင်းရောင်းရမှာ”လို့ စျေးရောင်းချနေသူ အမျိုးသမီးတစ်ဦးက အရှေ့သံလွင်သတင်းမီဒီယာကို ပြောပါတယ်။
တာချီလိတ် လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ စက်တင်ဘာလ (၇)ရက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်းက ကိုးမြို့ရှင်နတ်စင်ရှေ့ စျေးရောင်းချနေသူများနှင့် စည်ပင်သာယာရေးဌာနက တာဝန်ရှိသူများနဲ့ တွေ့ဆုံပြီး ဈေးပြန်လည်ရောင်းချနိုင်ရေးအတွက် ညှိနှိုင်းပေးခဲ့ကြောင်း သိရပါတယ်။
တာချီလိတ်မြို့ ဝမ်းကောင်းစျေးအတွင်းမှာ စျေးရောင်းချမဲ့ နေရာမရှိတော့တဲ့အတွက် ကိုးမြို့ရှင်နတ်နန်းရှေ့မှာ စျေးလာရောက် ရောင်းချနေတဲ့ စျေးသည် အယောက် (၂၀) ကျော်ရှိပြီး အများစုဟာ တာချီလိတ်မြို့ကို ရွှေ့ပြောင်းလာကာ စျေးရောင်းချနေသူများဖြစ်ကြောင်း သိရပါတယ်။
ဈေးသည်များဟာ ဟင်းအသီး၊ ဟင်းရွက်၊ အဝတ်အစား၊ အသုံးအဆောင်ပစ္စည်းများ၊ ထမင်းကြော်၊ ကွမ်းယာဆိုင်များ ရောင်းချနေကြပြီး။ ဈေးရောင်းချခြင်းကနေ ရရှိတဲ့ဝင်ငွေများကို အိမ်ခန်းငှားခနှင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေကြရသူများ ဖြစ်တာကြောင့် ဈေးပြန်ရောင်းချခွင့်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများထံ အကူအညီတောင်းပြီး တင်ပြညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။

