Language:

ဝှေလေလန်ကျေးရွာအနီးမှာ လယ်ယာမြေ ၈.၁၁ ဧကကို ဝယ်ယူသူက ‌အရစ်ကျငွေမပေးနိုင်လို့ မြေပိုင်ရှင်က ပြန်လည်သိမ်းယူ


ဝှေလေလန်ကျေးရွာအနီးမှာ လယ်ယာမြေ ၈.၁၁ ဧကကို ဝယ်ယူသူက ‌အရစ်ကျငွေမပေးနိုင်လို့ မြေပိုင်ရှင်က ပြန်လည်သိမ်းယူ

၉ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

စွန်ရဲ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာအနီး လယ်ယာမြေ (၈.၁၁) ဧကကို အရစ်ကျစနစ်နဲ့ ဝယ်ယူထားသူက သဘောတူညီထားတဲ့ စာချုပ်အတိုင်း ငွေမပေးချေနိုင်လို့ မူလမြေပိုင်ရှင်က ပြန်လည်ရယူထားတယ်လို့ အသိပေးကြေညာချက်အရ သိရှိရပါတယ်။

အသိပေးကြေညာချက်အရ ဝှေလေလန်ကျေးရွာ အနီးရှိ ကွင်းအမှတ်(၃၄/၁) မှ မြေပိုင်ရှင် “ဝ” လူမျိူး ဦးအိုက်အွန်း၊ ဦးအိုက်ရီပျန်းနှင့် ဦးအိုက်အွန်းတို့ဆီက လယ်ယာမြေ (၈.၁၁) ဧက ကို ဒေါ်ဝင်းသူ(ခ)ဒေါ်ခင်ဖြူဝင်းက အရစ်ကျစနစ်နဲ့ ဝယ်ယူခဲ့တာပါ။

အဆိုပါရောင်းဝယ်စာချုပ်နှင့် ဝန်ခံကတိစာချုပ်အတိုင်း အရစ်ကျငွေပေးချေမှု မပေးနိုင်လို့ မူလမြေပိုင်ရှင်တွေက လယ်ယာမြေကို ပြန်လည် ရယူခဲ့တယ်လို့ သိရှိရပါတယ်။

“လောလောဆယ်တော့ ရှင်းပေးနေတယ်လို့တော့ကြားတာပဲ ဟုတ်လား ၊ မဟုတ်လားမသိဘူး။ ဒေါ်ဝင်းသူက နာမည်ပျက်ရှိတယ်လို့လည်းကြားတယ်။ မိုးရာသီဆိုတော့ အ‌ရောင်းအဝယ်မဖြစ်တာလည်းရှိနိုင်တယ်။ ပေးရမယ့် ပိုက်ဆံကို တစ်ခြားနေရာမှာ ပြန်လှည့်သုံးတာလည်းရှိနိုင်တယ်။” လို့ ဒေသခံ အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

ဒေါ်ဝင်းသူ(ခ)ဒေါ်ခင်ဖြူဝင်းက လယ်ယာမြေကို အရစ်ကျစနစ်နဲ့ဝယ်ယူပြီး မြေအကွက်ရိုက်ကာ ၄၀ ပေ × ၆၀ ပေ အကွက်များကို ပြန်လည်ရောင်းချနေတယ်လို့ မြေအကျိုးဆောင်တွေဆီကသိရှိရပြီး ပြန်လည်ဝယ်ယူထားတဲ့ နစ်နာသူ ဘယ်နှစ်ဦးရှိလည်းဆိုတာကိုတော့ သတင်းအတိအကျ မသိရသေးပါဘူး။

တာချီလိတ်မြို့မှာ အိမ်ခြံမြေအရောင်းအဝယ်များနှင့် ပတ်သတ်ပြီး အရှုပ်အရှင်းများစွာရှိနေရာ၊ မြေပိုင်ဆိုင်မှု အခြေအနေများကို ကျွမ်းကျင်နားလည်သူများနှင့် သေချာစစ်ဆေးပြီးမှ အရောင်းအဝယ်ပြုလုပ်ရန် လိုအပ်တယ်လို့ မြေလုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

ထိုသို့ သေချာစစ်ဆေးမှု မရှိဘဲ အရောင်းအဝယ်ပြုလုပ်ပါက နောက်ပိုင်းမှာ မြေပိုင်ဆိုင်မှုအငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်တာကြောင့် မြေဝယ်ယူသူများအနေနဲ့ သတိထားဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ၎င်းက ပြော ဆိုပါတယ်။

အဆိုပါ လယ်ယာမြေများကို မူလပိုင်ရှင်များရဲ့ ခွင့်ပြုချက် မရှိဘဲ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ လွှဲပြောင်းခြင်းနှင့် အခြားနည်းလမ်းများနဲ့ အရောင်းအဝယ်ပြုလုပ်ခြင်း မပြုလုပ်ရန် အသိပေးထားပြီး၊ မူလမြေပိုင်ရှင်များနှင့် ညှိနှိုင်းခြင်းမရှိဘဲ ပြုလုပ်ပါက တာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

#ဝှေလေလန်ကျေးရွာအနီ

#လယ်ယာမြေ၈.၁၁ဧက

#ဝယ်ယူသူကအရစ်ကျ

#ငွေမပေးနိုင်လို့

#မြေပိုင်ရှင်ကပြန်လည်သိမ်းယူ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin