Language:

ငဝန်တာကျိုးပြီး ရက် ၄၀ ခန့်အကြာ ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီဟု တိုင်းဧရာ အစိုးရအဖွဲ့ အသိပေး ထုတ်ပြန်


ငဝန်တာကျိုးပြီး ရက် ၄၀ ခန့်အကြာ ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီဟု တိုင်းဧရာ အစိုးရအဖွဲ့ အသိပေး ထုတ်ပြန်

၉ စက်တင်ဘာ ၂၀၂၆ (Eastern ThanLwin )

ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာအနီးမှာ ငဝန်တာကျိုးပြီး ရက် ၄၀ ခန့်အကြာ ရေဝင်လမ်းကြောင်း ထိန်းချုပ်နိုင်ပြီဟု ဧရာ၀တီတိုင်းဒေသကြီး အစိုးရအဖွဲ့ အသိပေးထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က ကျိုးပေါက်ခဲ့တဲ့ ငဝန်မြစ်ရေကာတာကို အရေးပေါ်ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးနောက် စက်တင်ဘာ ၈ ရက်မှာ ရေဝင်ရောက်နေတဲ့ လမ်းကြောင်းကို Steel Sheet Pile တွေနဲ့ ပိတ်ဆို့ကာရံနိုင်ခဲ့ပြီလို့ ဆိုပါတယ်။

အဆိုပါ တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်း ရပ်ကွက် ၅ ခုနဲ့ ပတ်ဝန်းကျင်ရှိ ကျေးရွာ ၁၅၀ ခန့် ရေလွှမ်းမိုးခဲ့ပြီး ဇူလိုင် ၃၀ ရက်ကနေ ဩဂုတ် ၇ ရက်အထိ ရေလွှမ်းမိုးမှုကြောင့် လူဦးရေ ၄၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရပါတယ်။

၎င်းတာကျိုးပေါက်မှုဖြစ်ပွားပြီးနောက် အချို့ဒေသတွေမှာ ရေပြန်ကျလာခဲ့ပေမယ့် ငဝန်မြစ်ရေမြင့်တက်မှုနဲ့ တာကျိုးပေါကတဲ့ နေရာကနေ ရေဝင်ရောက်မှုတွေကြောင့် လေးမျက်နှာနဲ့ အနီးဝန်းကျင်ဒေသတွေမှာ ရေဘေးအခြေအနေဟာ ရက်သတ္တပတ်အတော်ကြာ ဆက်လက်ရှိနေခဲ့ပါတယ်။

ဩဂုတ်လအတွင်းမှာလည်း ရေပြန်တက်လာတာကြောင့် ရေဘေးသင့် ဒေသခံ ထောင်ပေါင်းများစွာ နေရပ်မပြန်နိုင်သေးဘဲ ဩဂုတ် ၄ ရက်က စတင်ကာ အရေးပေါ် ပြုပြင်ရေး လုပ်ဆောင်ခဲ့ပြီး စက်တင်ဘာ ၈ ရက်မှာတော့ Steel Sheet Pile တွေ ရိုက်သွင်းကာ ရေဝင်ပေါက်ကို ပိတ်ဆို့ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ထို့ကြောင့် တာကျိုးတဲ့ နေ့ကနေ ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်တဲ့အဆင့် ရောက်ရှိဖို့ ရက် ၄၀ ခန့်၊ အရေးပေါ်ပြုပြင်ရေး စတင်ချိန်မှ ၃၅ ရက်ခန့် ကြာမြင့်ခဲ့ရာ စက်တင်ဘာ ၁ ရက်အထိ Geobag တွေ၊ Steel Sheet Pile တွေ အသုံးပြုပြီး တာပိတ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

လက်ရှိ ရေဝင်ပေါက်ကို Steel Sheet Pile တွေနဲ့ ပိတ်ဆို့နိုင်ခဲ့ပြီဖြစ်ပေမယ့် တာရေကာရံမှုကို ရေရှည် ခိုင်ခံ့စေရေး သဲအိတ်အကြီးတွေနဲ့ ထပ်မံအားဖြည့်ခြင်း၊ သောင်တူးရေယာဉ်တွေ အသုံးပြုပြီး ရေနက်ပိုင်းမှာ သဲဖြည့်ခြင်း၊ Concrete Sinker အတုံးတွေ ချထားခြင်းနဲ့ သံမဏိဒေါက်တိုင်တွေ ထပ်မံကျားကန်ခြင်း စတဲ့လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

လက်ရှိ ငဝန်မြစ်ရေကလည်း ဆက်လက်ကျဆင်းနေပြီး လေးမျက်နှာဒေသခံတွေအနေနဲ့ ယခုတစ်ကြိမ် ရေကျဆင်းမှုဟာ ယခင်ကာလတွေထက် ပိုမိုမြန်ဆန်လာတယ်လို့ ‌ဒေသခံတွေက ဆိုပါတယ်။

#ငဝန်တာကျိုး

#ရက်၄၀ခန့်အကြာ

#ရေဝင်လမ်းကြောင်း

#ထိန်းချုပ်နိုင်ပြီဟု

#တိုင်းအစိုးရအဖွဲ့အသိပေး

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin