၇ စက်တင်ဘာ၊ ၂၀၂၆ ခုနှစ်။
ဗကြီး
ထိုင်းက မိမိသဘောအလျောက် စစ်မှုထမ်းမယ့် လူငယ်များအား ခေါ်ယူမှုအစီအစဉ်အသစ် ၂၀၂၇ ခုနှစ်အတွက်ကို လာမယ့်သီတင်းမှာ လျောက်လွှာစတင်ခေါ်ယူတော့မှာ ဖြစ်ပါတယ်။
သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အရန်စစ်သားများနဲ့ အရင်က စစ်မှုထမ်းခဲ့ဖူးသူတွေကို လစဉ် လစာပေးမှာဖြစ်ပြီး တစ်လကို ဘတ် ၁၅,၀၀၀ အထိ ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။
လျောက်ထားမယ့်သူတွေအနေနဲ့ ၂၀၂၆ စက်တင်ဘာ ၁၀ ရက်က စတင်ကာ ၂၀၂၇ ခုနှစ် ဇန်နဝါရီအထိ လျောက်ထားနိုင်မှာဖြစ်ပြီး ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါအစီအစဉ် မိတ်ဆက်မှုမတိုင်ခင် လျောက်လွှာတွေ ခေါ်ယူတာဖြစ်ပါတယ်။
မိမိသဘောနဲ့ မိမိစစ်မှုထမ်းတဲ့ စနစ်ဆီသို့သွားမယ့် စစ်မှုထမ်းစုဆောင်းရေး အစိုးရဖော်ပြထားတဲ့ အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ယခုအစီအစဉ်ကို စတင်တာဖြစ်ပါတယ်။
ဝန်ကြီးချုပ် အနုတင်က အဆိုပါမူဝါဒအား လွှတ်တော်သို့ ကြေညာထားပြီး လေးနှစ်စာချုပ်နဲ့ တစ်လကို ထောက်ပံ့ကြေး ၁၅၀၀၀ နဲ့ ခေါ်ယူသွားမှာဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရတ်ချာဒါ သာနာဒီရက်က ပြောကြားပါတယ်။
လျောက်ထားမှု အောင်မြင်သူတွေအနေနဲ့ ကနဦး လေးနှစ်စာချုပ်ချုပ်ရမှာဖြစ်ပြီး အများဆုံးစစ်မှုထမ်းကာလ ၈ နှစ်အထိ သက်တမ်းတိုးနိုင်မှာလည်း ဖြစ်ပါတယ်။
နယ်မြေကာကွယ်ရေး ကျောင်းသားသင်တန်း သုံးနှစ်ကနေ ငါးနှစ်အထိ တက်ရောက်ခဲ့ဖူးသူတွေအတွက် အဆိုပါအစီအစဉ်က ကြိုဆိုမှာဖြစ်တဲ့အပြင် အရန်စစ်သားများနဲ့ အရင်က စစ်မှုထမ်းခဲ့ဖူးသူတွေလည်း လျောက်ထားနိုင်မှာဖြစ်ပါတယ်။
အရာရှိ ရာထူးများအတွက် ဘွဲ့ရရှိဖို့လိုအပ်ပြီး လျှောက်ထားမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမှဖြစ်ပြီး အရာရှိအဆင့်မဟုတ်တဲ့ ရာထူးများအတွက် အလယ်တန်းနဲ့ အထက်တန်းပညာအရေအချင်း သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်လိုအပ်မှာဖြစ်ပြီး အသက်အရွယ်ကို (၁၈) နှစ်ကနေ (၃၀) နှစ် အတွင်းလို့ သတ်မှတ်ထားပါတယ်။
ရွေးချယ်ခံရသူတွေအနေနဲ့ လစာနဲ့ ထောက်ပံ့စရိတ် စုစုပေါင်း ဘတ် ၁၅၀၀၀ လစဉ်ရရှိမှာဖြစ်တဲ့အပြင် ဆေးဝါးကုသခွင့်၊ သဘာဝဘေးကြောင့် သူတို့နေအိမ်တွေ ထိခိုက်ရင် ဘဏ္ဍာရေး အထောက်အပံ့နဲ့ အသက်အာမခံလည်း ထားရှိနိုင်မှာဖြစ်ပါတယ်။
လျောက်လွှာခေါ်ချိန် စတင်ပြီဆိုတာနဲ့ အွန်လိုင်းကရော လူကိုယ်တိုင်ပါ လျောက်ထားနိုင်မှာဖြစ်ပြီး နိုင်ငံတဝန်း စစ်ဌာနတွေရုံးတွေအားလုံးမှာ လျောက်ထားနိုင်ကြောင်း သိရပါတယ်။

