Language:

ရွှံ့ရေများ စည်ပင်မှ သန့်ရှင်းရေးလုပ်ပြီး မယ်ဆိုင်ချောင်းပေါက်သွားတဲ့ ရေတားနံရံ ပြန်လည်ပြုပြင်နေ


ရွှံ့ရေများ စည်ပင်မှ သန့်ရှင်းရေးလုပ်ပြီး မယ်ဆိုင်ချောင်းပေါက်သွားတဲ့ ရေတားနံရံ ပြန်လည်ပြုပြင်နေ

၇ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

တာချီလိတ် ဗိုလ်ချုပ်လမ်း မိန်းလမ်းတစ်လျှောက် ရေတက်ပြီး တင်ကျန်ခဲ့တဲ့ ရွံ့နွံများနဲ့ အမှိုက်များကို စည်ပင်သာယာရေး ဦးစီးဌာနက လိုက်လံ ရှင်းလင်းနေပြီး မယ်ဆိုင်ချောင်း ပေါက်သွားတဲ့ ရေထိန်းနံရံကိုလည်း ပြန်လည်ပြုပြင်နေတယ်လို့ သိရပါတယ်။

မနက်ပိုင်းက တောင်ကျချောင်းရေ ထိုးဆင်းလာမှုကြောင့် မြို့တွင်း မိန်းလမ်းတစ်လျှောက် ရေဝင်ရောက်ခဲ့တဲ့အတွက် ရေကျသွားချိန်မှာ တင်ကျန်ခဲ့တဲ့ အမှိုက်များ၊ ရွံ့များကို စည်ပင်သာယာရေး ဝန်ထမ်းများက လိုက်လံရှင်းလင်းပြီး သိမ်းဆည်းနေတယ်လို့ သိရပါတယ်။

“မနက်က ချောင်းရေနဲ့အတူ မျှောပါလာတဲ့ ရွံ့တွေ ၊ အမှိုက်တွေ လိုက်ရှင်းနေတာပါ။ ရေတော့ အတော်ပြန်ဆင်းသွားပြီ။ ပေါက်သွားတဲ့ မြေထိန်းနံရံလည်း သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး ပြုပြင်နေပါတယ်။ မကြာခင်ပြီးတော့မှာပါ”လို့ တာချီလိတ် စည်ပင်သာယာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ (၆)ရက်နေ့ ညပိုင်းက မယ်ဆိုင်ချောင်း မြစ်ဖျားခံရာ တောင်ပေါ်ဒေသတစ်လျှောက် မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် တာချီလိတ်မြို့တွင်း မယ်ဆိုင်ချောင်းရေ မြင့်တက်လာကာ မြို့တွင်းရပ်ကွက်အချို့ကို ရေဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

မြို့တွင်း ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်းအချို့ ပိတ်ထားရပြီး မိန်းလမ်းနဲ့ လမ်းသွယ်အချို့ ပိတ်ထားရကာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရပါတယ်။

လက်ရှိမှာတော့ မယ်ဆိုင်ချောင်းရေ ကျဆင်းသွားတဲ့အတွက် မြို့တွင်းဝင်ရောက်နေတဲ့ ချောင်းရေဟာလည်း တဖြည်းဖြည်းကျဆင်းလျှက်ရှိကာ စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားပြီဖြစ်တယ်လို့ သိရှိရပါတယ်။

ချောင်းရေ မြင့်တက်မှုနဲ့ပတ်သက်ပြီး တောင်ပေါ်ဒေသတွေမှာ မိုးဆက်တိုက်ရွာသွန်းနိုင်တဲ့အတွက် မြို့တွင်းရှိ အများပြည်သူများကို သတိဝရိယနဲ့ နေထိုင်ကြရန် ဒေသအာဏာပိုင်များကလည်း သတိပေးထားတယ်လို့ သိရှိရပါတယ်။

#ချောင်းရေ

#စည်ပင်သာယာ

#ရေတားနံရံ

#မယ်ဆိုင်ချောင်း

#ရှင်းလင်းရေး

#တာချီလိတ်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin