၅ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Lancaster County မှာ အသက် (၆) ပတ်အရွယ် Amish ကလေးငယ်တစ်ဦး ဝက်သက်ရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံမှုခင်းဆရာဝန်က အတည်ပြုလိုက်ပါတယ်။
ဒီသေဆုံးမှုဟာ ၂၀၂၆ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ ပထမဆုံး အတည်ပြုထားတဲ့ ဝက်သက်ရောဂါသေဆုံးမှု ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ်မှာ မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာ ရှားပါးမျိုးရိုးဗီဇရောဂါ Amish lethal microcephaly ရှိခဲ့ပေမယ့်၊ သေဆုံးရတဲ့ အဓိကအကြောင်းရင်းက ဝက်သက်ရောဂါဖြစ်တယ်လို့ Lancaster County မှုခင်းဆရာဝန် ဒေါက်တာ Stephen Diamantoni က ပြောပါတယ်။
Lancaster County ဟာ ဒီနှစ် ဝက်သက်ရောဂါ အများဆုံးဖြစ်ပွားနေတဲ့ ဒေသတွေထဲက တစ်ခုဖြစ်ပြီး၊ ကာကွယ်ဆေး မထိုးထားသူတွေမှာ ကူးစက်မှု အများဆုံးတွေ့နေရတယ်လို့ ပြည်နယ်ကျန်းမာရေးဌာနက ပြောထားပါတယ်။
လက်ရှိမှာတော့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်ကျန်းမာရေးဌာနနဲ့ အမေရိကန် CDC တို့ဟာ ဝက်သက်နဲ့ဆက်စပ် သေဆုံးမှု အချက်အလက်တွေကို ဆက်လက် စိစစ်နေဆဲ ဖြစ်ပါတယ်။

