၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
လာအိုနိုင်ငံ ဗီယင်ကျန်းပြည်နယ်မှာ မူးယစ်ဆေးဝါးအမှုတွေနဲ့ လူသတ်မှုအပါအဝင် တရားခံစုစုပေါင်း (၁၄) ဦးကို ပြည်သူ့တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။
ဗီယင်ကျန်းပြည်နယ် ပြည်သူ့တရားရုံးက ဩဂုတ် ၂၇ ရက်မှာ စီရင်ချက်ချခဲ့တာဖြစ်ပြီး တရားခံ (၁၄) ဦးအနက် အမျိုးသမီး (၁)ဦး ပါဝင်တယ်လို့ ပြည်နယ်ပြည်သူ့လုံခြုံရေးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအမှုတွေထဲမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဆက်စပ်သူ (၁၃) ဦး ပါဝင်ပြီး စိတ်ကြွဆေးပြား အနည်းငယ်ကနေ အက်စတက်စီ မူးယစ်ဆေးဝါး (၅၀၀) ဂရမ်အထိ ဖမ်းဆီးရမိခဲ့တဲ့ အမှုတွေကို စီရင်ခဲ့တာ ဖြစ်ပါတယ်။
စိတ်ကြွဆေးပြား ရာဂဏန်းအထိ ရောင်းဝယ်ခဲ့တဲ့ တရားခံအများစုကို ထောင်ဒဏ် (၅) နှစ်နဲ့ ဒဏ်ငွေ လာအို Kip (၁၀)သန်းစီ ချမှတ်ခဲ့ပါတယ်။ အချို့အမှုတွေမှာတော့ ထောင်ဒဏ် (၂) နှစ်ကနေ (၇) နှစ်အထိ အသီးသီး ချမှတ်ခဲ့ပြီး ဒဏ်ငွေလည်း အမှုအလိုက် ကွာခြားပါတယ်။
အထဲမှာ အက်စတက်စီ မူးယစ်ဆေးဝါး (၅၀၀) ဂရမ်နဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အသက် (၂၇) နှစ်အရွယ် အမျိုးသားတစ်ဦးကိုတော့ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်လိုက်ပြီး ဒဏ်ငွေ လာအို Kip သန်း (၅၀၀) ပေးဆောင်ဖို့ အမိန့်ချခဲ့ပါတယ်။
ဒါ့အပြင် စိတ်ကြွဆေးပြား (၇၆၀) ပြားနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကို ထောင် (၇) နှစ်နဲ့ ဒဏ်ငွေ လာအိုKip (၄၆) သန်း ချမှတ်ခဲ့ပြီး၊ အတူဖမ်းဆီးခံရတဲ့ အမျိုးသားတစ်ဦးကိုတော့ ထောင် (၅) နှစ်နဲ့ ဒဏ်ငွေ လာအိုKip (၁၀) သန်း ချမှတ်ခဲ့ပါတယ်။
မူးယစ်ဆေးဝါးအမှုတွေအပြင် လူသတ်မှုနဲ့ တရားစွဲခံထားရတဲ့ အသက် ၄၃ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ထောင်ဒဏ် အနှစ် (၂၀) နဲ့ ဒဏ်ငွေ လာအို Kip သန်း (၁၀၀) ချမှတ်ခဲ့ပါတယ်။
လာအိုအာဏာပိုင်တွေက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို တင်းတင်းကျပ်ကျပ် နှိမ်နင်းနေပြီး ဗီယင်ကျန်းပြည်နယ်အတွင်း ဖမ်းဆီးရမိတဲ့ အမှုတွေကို တရားရုံးက ဆက်တိုက် စီရင်ဆုံးဖြတ်နေတယ်လို့ သိရပါတယ်။

