Language:

ခွေးသတ်ဖြတ်ရောင်းချစားသောက်သူတွေကို မရမ်းကုန်းတရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်


ခွေးသတ်ဖြတ်ရောင်းချစားသောက်သူတွေကို မရမ်းကုန်းတရားရုံးက ထောင်ဒဏ်နဲ့ငွေဒဏ်ချမှတ်

၂ စက်တင်ဘာလ ၂၀၂၆ (Eastern ThanLwin)

ကြည်ညို

ရန်ကုန်မှာ ခွေးတစ်ကောင်ကို သတ်ဖြတ်ရောင်းချ စားသောက်မှုကြောင့် အမျိုးသားငါးဦးကို မရမ်းကုန်းမြို့နယ် တရားရုံးက စက်တင်ဘာ(၁)ရက်နေ့က ထောင်ဒဏ်နဲ့ငွေဒဏ်တွေ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ထဲမှာ ခွေးတစ်ကောင်ကို သတ်ဖြတ်စားသောက်သူ၊ ရောင်းချသူ၊ ရောင်းသူနဲ့ဝယ်သူအကြား ချိတ်ဆက်ပေးသူ အမျိုးသား (၅) ဦးကို မြို့နယ်တရားရုံးက ပထမဦးဆုံး စီရင်ချက်ချလိုက်တာလည်းဖြစ်ပါတယ်။

ဒါဟာ တိရစ္ဆာန်တစ်‌ကောင်ကို အကြောင်းမဲ့ သတ်ဖြတ်မှုကြောင့် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ နှစ်ပေါင်းများစွာအတွင်း ရှားရှားပါးပါး တရားစီရင်နိုင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။

အခုတရားစီရင်မှုအပြီးမှာတော့ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်သူတွေ၊ အိမ်မွေး တိရစ္ဆာန်ချစ်မြတ်နိုးသူတွေဘက်ကတော့ အခုလုပ်ရပ်အပေါ် အကြီးအကျယ်ထောက်ခံမှုတွေလည်း ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လမှာ မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက် မှာ လူနှစ်ယောက်က ခွေးသားစားချင်တယ်လို့ ပြောတာကြောင့် ညိုကြီးလို့ အမည်မှည့်ထားတဲ့ခွေးကို အစာကျွေးမွေးထားတဲ့လူ (၂) ဦးဆီကနေ ငွေ ကျပ် (၃) သောင်းနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့ဖြစ်စဥ်ကို မမိုနိုဝင်းမြင့်ဆိုသူက ဦးဆောင်ကာ တိရစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်သူတွေနဲ့အတူ စတင်တရားဆွဲဆိုခဲ့ပြီး ခွေးရောင်းချသူ၊ ကြားခံချိတ်ဆက်သူ၊ အသားစားသူတွေကို တစ်နှစ်ကျော်ကြာ တရားခွင်မှာ တရားဆွဲဆိုခဲ့တာဖြစ်ပါတယ်။

ညိုကြီးလို့နာမည်ပေးထားတဲ့ခွေးကို သတ်ဖြတ်ရောင်းချသူ (၂) ဦးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၆) လ၊ အသားဝယ်စားသူ (၂) ဦးနဲ့ ချိတ်ဆက်ပေးသူ ၁ ဦးက ဒဏ်ငွေ (၅)သိန်းကျပ်နဲ့ မနေ့က စက်တင်ဘာလ (၁)ရက်နေ့မှာ တရားခွင်အမိန့်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အခုလို တိရိစ္ဆာန်ညှင်းပန်းနိုပ်စစ်မှုနဲ့ တရားစွဲဆိုပြီး အနိုင်ရရှိတဲ့အမှုဟာ မြန်မာနိုင်ငံမှာ ထူးထူးခြားခြားဖြစ်စဉ် ဖြစ်ပြီး ရန်ကုန်မှာ အိမ်မွေး တိရစ္ဆာန် အချို့ကို ခိုးယူပြီး တရားမ၀င်‌ရောင်းချသတ်ဖြတ်မှုတွေကို ဦးဆောင်တရားဆွဲဆိုတာ ကျူးလွန်သူတွေကို ဆက်တိုက်ဖော်ထုတ် နိုင်ဖို့လည်း အရေးတကြီး လိုအပ်နေတယ်လို့ အိမ်မွေး တိရစ္ဆာန်ချစ်မြတ်နိုးသူတွေဘက်ကလည်း တိုက်တွန်း ပြောဆိုထားပါတယ်။

#တိရိစ္ဆာန်ညှင်းပန်းမျု

#တရားရေး

#ခွေးသတ်စား

#မရမ်းကုန်းမြို့နယ်

#ရန်ကုန်

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin