Language:

ထိုင်းအရှေ့မြောက်ပိုင်း ပို့ဆောင်ရေးကုမ္ပဏီအသုံးပြုပြီး ပို့လာတဲ့ စိတ်ကြွဆေးပြား (၃) သောင်း ဖမ်းဆီး


ထိုင်းအရှေ့မြောက်ပိုင်း ပို့ဆောင်ရေးကုမ္ပဏီအသုံးပြုပြီး ပို့လာတဲ့ စိတ်ကြွဆေးပြား (၃) သောင်း ဖမ်းဆီး

၃၁ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)

ကိုဇက်

ထိုင်းနိုင်ငံ ယာလာခရိုင် ဘက်တုံမြို့မှာ အရှေ့မြောက်ပိုင်းဒေသကနေ ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီကို အသုံးပြုပြီး စိတ်ကြွဆေးပြားတွေ ပို့ဆောင်ရောင်းချနေတဲ့ လူငယ်အုပ်စုတစ်စုကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဘက်တုံရဲစခန်းက ရဲတပ်ဖွဲ့ဟာ ဒီလူငယ်အုပ်စုကို လွန်ခဲ့တဲ့ (၃) လကနေ (၄) လအထိ လျှို့ဝှက်စုံစမ်းစောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ စုံစမ်းမှုတွေအရ အရှေ့မြောက်ပိုင်းဒေသကနေ စိတ်ကြွဆေးပြားတွေကို ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီကတစ်ဆင့် ဘက်တုံမြို့ပေါ်က နေအိမ်တစ်လုံးဆီ ပို့ဆောင်နေတယ်ဆိုတာ သိရှိခဲ့ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က စောင့်ကြည့်ဖမ်းဆီးခဲ့ရာ အသက် (၁၉) နှစ်အရွယ် လူငယ် (၃) ဦး ကို ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ ပုဂ္ဂလိက ပို့ဆောင်ရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးလည်း ပါဝင်ပါတယ်။

ဖမ်းဆီးချိန်မှာ စိတ်ကြွဆေးပြား (၃၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး ဆေးပြားတွေကို ပို့ဆောင်ရေးကုမ္ပဏီရဲ့ ပါဆယ်ထုပ်အတွင်း ထည့်ထားတဲ့ အနက်ရောင် သံမဏိလုံခြုံရေးသေတ္တာ (Safe) ထဲမှာ ဝှက်ထားတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ဒီအဖွဲ့ဟာ ဘက်တုံဒေသမှာ စိတ်ကြွဆေးပြားတွေ ဖြန့်ဖြူးရောင်းချနေတဲ့ ကွန်ရက်တစ်ခုဖြစ်ပြီး အဖွဲ့ထဲမှာ ကလေး၊ လူကြီးနဲ့ လူငယ်တွေ အပါအဝင် ကျေးရွာအတွင်း နေထိုင်သူတွေ ပါဝင်နေတယ်လို့ သိရပါတယ်။

အဖွဲ့ထဲမှာ ပို့ဆောင်ရေးကုမ္ပဏီဝန်ထမ်းတစ်ဦး ပါဝင်နေတာကြောင့် အရင်က ဆေးပြားတွေကို အကြိမ်ကြိမ် ပို့ဆောင်ခဲ့ပေမယ့် ဖမ်းဆီးခံရခြင်း မရှိခဲ့ဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အရင်ပို့ဆောင်မှုတွေမှာလည်း စိတ်ကြွဆေးပြားတွေကို စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေအတွင်း ဝှက်ပြီး ပို့ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခုနောက်ဆုံးတစ်ကြိမ်မှာတော့ လုံခြုံရေးသေတ္တာထဲ ထည့်ပြီး ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဆေးပြားတွေ ဘက်တုံမြို့ကို ရောက်ရှိလာပြီဆိုတာ သိရှိပြီးနောက် ရဲတပ်ဖွဲ့က ဆက်လက်စောင့်ကြည့်လိုက်လံခဲ့ပြီး နောက်ဆုံးမှာ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အမှုနဲ့ ဆက်စပ်နေတဲ့ ကျန်ရှိသူတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ် လို့ ဘက်တုံရဲတပ်ဖွဲ့က ပြောပါတယ်။

#မှုခင်း

#စိတ်ကြွဆေးပြား

#မူးယစ်မှု

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia…

ဆက်စပ်သတင်းများ

Eastern Thanlwin