၃၁ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
နီပေါနဲ့ တိဘက်နယ်စပ်မှာရှိတဲ့ မြင့်မြတ်တဲ့ ကိုင်လပ်တောင်ကို ဘုရားဖူးသွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က ဟိန္ဒူဘုရားဖူးအဖွဲ့တစ်ဖွဲ့ဟာ ဩဂုတ် (၂၇) ရက်က ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးရေလျှံမှုနောက်ပိုင်း ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အဖွဲ့ကို အသက် (၆၇) နှစ်အရွယ် အမီတာ အမင်းက ဦးဆောင်သွားခဲ့တာဖြစ်ပြီး သူဟာ ကိုင်လပ်တောင်ကို ခုနစ်ကြိမ်မြောက် ဘုရားဖူးသွားရောက်တာလည်း ဖြစ်ပါတယ်။
မိသားစုဝင်တွေကတော့ အမီတာဟာ ဘုရားကို အလွန်ယုံကြည်သူဖြစ်ပြီး ဘုရားသခင်နဲ့ ပိုနီးကပ်ချင်လို့ ဒီခရီးကို အမြဲသွားလေ့ရှိသူလို့ ပြောပါတယ်။
ကိုင်လပ်တောင်ဟာ ဟိန္ဒူ၊ ဗုဒ္ဓ၊ ဂျိန်း၊ ဆစ်ခ်နဲ့ ဘွန်ဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံး ဘုရားဖူးနေရာတစ်ခု ဖြစ်ပြီး ဒီခရီးဟာ တောင်တက်ဖို့ထက် ဝိညာဉ်ရေးအရ ဘုရားနဲ့ ပိုနီးကပ်ဖို့ သွားကြတဲ့ ဘုရားဖူးခရီးလို့ ယုံကြည်ကြပါတယ်။
လက်ရှိမှာ နီပေါရေဘေးကြောင့် သေဆုံးသူ အနည်းဆုံး (၆၇၅) ဦးရှိပြီး (၂,၄၀၀) ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေသလို အမီတာနဲ့ သူ့အဖွဲ့ဟာ အသက်ရှင်လျက် ပြန်တွေ့နိုင်မယ်လို့ မိသားစုဝင်တွေက မျှော်လင့်နေကြပါတယ်။

