၂၀ ဇူလိုင်လ ၂၀၂၆ (Eastern ThanLwin)
ဗကြီး
အင်ဒို ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် လက်တွဲမှု အားပိုကောင်းလာစေရေး ဘင်္ဂလားဒေ့ချ်နဲ့ အမေရိကန်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ရပ် စတင်လိုက်ပြီဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ်စစ်တပ် အထူးကွန်မန်ဒိုတပ်ဖွဲ့ရဲ့ ကြီးကြပ်မှုနဲ့ (၁၃)ရက်ကြာကျင်းပမယ့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် (၁၉)ရက်က စတင်ခဲ့တာဖြစ်ပြီး ဇူလိုင် (၃၁)ရက်မှ ပြီးဆုံးမှာဖြစ်ပါတယ်။
“Exercise Tiger Lightning (TL)-2026”လို့ နာမည်ပေးထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားဒေ့ချ် အရှေ့မြောက်ပိုင်းရှိ အရှေ့ပိုင်း ဆိုင်ဟတ်စစ်ရေးဇုန်မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ချ်စစ်ဦးစီးချုပ် လက်ဖတင်နင် ဗိုလ်ချုပ်မိုဟာမက်မီနာရာမန်နဲ့ ဘင်္ဂလားဒေ့ချ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘရန့်တီခရစ္စတန်ဆန်တို့ နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုသို့ လာရောက်ကြည့်ရှုခဲ့ကြပါတယ်။
အခုလို ပူးတွဲစစ်ရေးလေ့ကျင့်မှုကြောင့် နှစ်နိုင်ငံစလုံးရဲ့ စစ်တပ်တွေရဲ့ စစ်ဆင်ရေး စွမ်းပကားတွေ ပိုမိုအားကောင်းလာစေမှာဖြစ်တယ်လို့ ဗိုလ်ချုပ် မိုဟာမက် မီနာရာမန်က ပြောကြားပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအားကောင်းလာစေမှာဖြစ်ပြီး နှစ်နိုင်ငံ ရေရှည်ဗျူဟာမြောက် လက်တွဲဆောင်ရွက်မှုအတွက် အများကြီး အထောက်အကူပြုမှာ ဖြစ်ကြောင်းလည်း သူကပြောကြားပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အော်ရီဂွန်ပစိဖိတ်တပ်က တပ်ဖွဲ့ဝင် (၉၁)ဦးနဲ့ ဘင်္ဂလားဒေ့ချ် အထူးကွန်မန်ဒိုတပ်ဖွဲ့က တပ်ဖွဲ့ဝင် (၉၃)ဦးနဲ့ နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်နေတာဖြစ်ပါတယ်။
Tiger Lightningလို့ နာမည် ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားဒေ့ချ်နဲ့ အမေရိကန်တို့ ၂၀၁၇ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ကိုဗစ်ကာလမှာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။

