၁၉ ဇူလိုင် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်းက တာလုံ ဇတ်ကူးတို့ဆိပ်မှာ ဇူလိုင် (၁၉)ရက်နေ့ နေ့လယ် (၂)နာရီခွဲခန့်က တက်ဖက်ကမ်းကူးဖို့ စက်လှေပေါ် တက်ချိန် စက်လှေကြိုးပြတ်ပြီး စက်လှေနှင့်အတူ ကားတစ်စီး ရေချောင်းအတွင်း မျောပါသွားရာ ကားပေါ်ပါသွားတဲ့ လူ(၇)ဦးအနက် (၂)ဦးသာ အသက်ရှင်တယ်လို့ သိရပါတယ်။
သီပေါတံတားပိတ်ထားတာကြောင့် ခရီးသည်တွေအနေနဲ့ တာလုံကျေးရွာအနီးက ဒုဌဝတီချောင်းကူးဖို့အတွက် ဇတ်ကူးဆိပ်ကို အသုံးပြုနေရတာဖြစ်ပြီး မိုးရာသီဖြစ်တဲ့အတွက် ကူးတို့ဆိပ်အသုံးပြုသူတွေဟာ အန္တရာယ်နဲ့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
“၂၀၂၅ လောက်ကတည်းက သီပေါတံတားပိတ်ထားလို့ ဇတ်နဲ့ကူးနေရတာ အကုန်အကျလည်း များတယ်။ အန္တရာယ်လည်း ပိုများပါတယ်။ မိုးကြီးရင် ဇတ်ကူးရတာမလွယ်ဘူး”လို့ ခရီးသွားဒေသခံတစ်ဦးက ပြောပါတယ်။
ဇတ်ကူးဖို့ စက်လှေပေါ် ကားတက်စဉ်မှာ စက်လှေသမားနှင့်အတူ ခရီးသည်အပါအဝင် စုစုပေါင်း(၇)ဦး ကားနဲ့အတူ ပါသွားပြီး စက်လှေကို ချည်နှောင်ထားတဲ့ ကြိုးပြတ်တောက်သွားတဲ့အတွက် စက်လှေကော ကားပါ ရေစီးနှင့်အတူပါသွားကာ စက်လှေသမား(၂)ဦး အသက်ရှင်ပြီး ကျန်ခရီးသည်(၅)ဦးမှာ ကယ်တင်နိုင်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။
လက်ရှိမှာ ဒုဌဝတီချောင်းကို စက်လှေနဲ့ ဖြတ်သန်းဖို့အတွက် ကားကြီးတစ်စီးကို (၃)သိန်းပေးရပြီး ကားသေးတစ်စီးကို ကျပ်(၅)သောင်းမှ (၁)သိန်းကြားနဲ့ ဆိုင်ကယ်တစ်စီးကို ကျပ်(၁)သောင်းပေးကာ ဖြတ်သန်းနေရတာဖြစ်တယ်လို့ သိရှိရပါတယ်။

