Language:

ချင်းမိုင်မြို့မှာ လူကိုပြန်ပေးဆွဲပြီး ပြန်ရွေးငွေ ဘတ်(၁)သိန်း(၆)သောင်းတောင်းတဲ့ လူ(၄)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး


ချင်းမိုင်မြို့မှာ လူကိုပြန်ပေးဆွဲပြီး ပြန်ရွေးငွေ ဘတ်(၁)သိန်း(၆)သောင်းတောင်းတဲ့ လူ(၄)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး

၂၇ သြဂုတ်လ ၂၀၂၆ (Eastern ThanLwin )

ကိုရဲ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူတစ်ဦးကို အတင်းအဓမ္မခေါ်ဆောင်ကာ ပြန်ရွေးငွေတောင်းဆိုခဲ့သည့်အမှုကို ရဲတပ်ဖွဲ့က အချိန်တိုအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီး သံသယရှိသူ (၄) ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

(ဖာအီးစ်)အမည်ရှိ အမျိုးသားတစ်ဦးကို ဩဂုတ်လ (၂၇ )ရက်နေ့ နံနက်အစောပိုင်းက လူ (၄)ဦးခန့်မှ နံပါတ်ပြားမပါသည့် အနက်ရောင် Mazda ကားဖြင့် ချင်းမိုင်မြို့ ချန်ကလန်ဧရိယာ ကျာရုန်ပရာ့ထက် လမ်းအနီးမှ အတင်းအဓမ္မခေါ်ဆောင်သွားကြောင်း (ဖာဇက်)ဆဲဟွန်း ဆိူသူက ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ရဲစုံစမ်းရေးအဖွဲ့ထံ သတင်းပေးနေစဥ်မှာပဲ ပြန်ပေးဆွဲသူတွေက ဖုန်းဆက်လာပြီး ပြန်ရွေးငွေ ဘတ်(၆)သိန်း တောင်းဆိုခဲ့သော်လည်း တိုင်ကြားသူက ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ဘတ်(၁)သိန်း(၆)သောင်းဖြင့် သဘောတူခဲ့ကာ ငွေပေးအပ်မည့်နေရာကို ပင်းမြစ်ကမ်းနား ရေပန်းအနီးရှိ လျှပ်စစ်တိုင်တစ်တိုင်အနားမှာ ပြန်ရွေးငွေကို ထားခဲ့ပေးဖို့ ချိန်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က တိုင်ကြားသူနဲ့အတူ ငွေလွှဲပေးမည့်နေရာတွင် ကြိုတင်စောင့်ဆိုင်းကာ ဖမ်းဆီးရေး အစီအစဉ်ပြုလုပ်ခဲ့ပြီး တိုင်ကြားသူက ငွေထုပ်ကို သတ်မှတ်နေရာမှာ သွားထားပြီးနောက် အသက် (၂၉)နှစ်အရွယ် (ဘာဆူ)ဆိုသူက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီး ငွေထုပ်ကို ယူတဲ့အချိန်မှာ ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

စစ်ဆေးမေးမြန်းမှုအရ (ဘာဆူ)က ပြန်ရွေးငွေ လာယူခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ပြီး ဓားစာခံကို ချန်ဖွက်နယ်မြေရှိ ဟိုတယ်တစ်ခုမှာ ထိန်းသိမ်းထားတာဖြစ်ကြောင်း ထွက်ဆိုခဲ့ကာ ရဲတပ်ဖွဲ့က ချက်ချင်းသွားရောက်ရှာဖွေခဲ့ပြီး ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သော အနက်ရောင် Mazdaကားကို တွေ့ရှိခဲ့ရာ ကားအတွင်း (ဖာအီးစ်)ကိုလည်း ပြန်လည်တွေ့ရှိခဲ့ပြီး အဲ့ဒီနေရာပဲကားအတွင်းရှိ နောက်ထပ် သံသယရှိသူ(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်။

ရဲတပ်ဖွဲ့က စွဲချက်တွေနဲ့ တရားဝင်အခွင့်ရေးတွေကို အသိပေးကာ သံသယရှိသူ(၄)ဦးကို သက်သေခံပစ္စည်းတွေနဲ့ ချင်းမိုင်မြို့ရဲစခန်းက စုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းထားပြီး ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်နေကြောင်း သိရှိရပါတယ်။

#ပြန်ပေးမှု

#မှုခင်း

#ချင်းမိုင်

#ထိုင်းနိုင်ငံ

https://t.me/+13Tc7H7JT802NjA1
https://tiktok.com/@easternthanlwin
https://youtube.com/@easternthanlwinmedia..

ဆက်စပ်သတင်းများ

Eastern Thanlwin