၂၇ သြဂုတ် ၂၀၂၆ (Eastern ThanLwin)
ကိုဇက်
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်မှာ ယာဘ (၃) သန်းဖမ်းဆီးရမိခဲ့တဲ့အမှုကို ဆက်လက်စုံစမ်းဖော်ထုတ်ရာကနေ ဒွိုင်ဝေါဈေးအနီး အငှားအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ပြီး ကီတာမင်း (၂၆၀) ကီလိုဂရမ်ခန့် ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။
ဖြစ်စဉ်ကတော့ ဩဂုတ် (၂၅) ရက် နေ့လယ် (၂) နာရီခန့်မှာ ချင်းရိုင်ခရိုင်၊ ဝီယန်ချင်းရုန်းမြို့နယ်၊ ဒုံမဟာဝမ်ကျေးရွာ၊ အမှတ် (၃)ရပ်ကွက်အနီးမှာ အသက် (၃၀)အရွယ် နခွန်ရာချစီမာဒေသခံ အမျိုးသားတစ်ဦး မောင်းနှင်လာတဲ့ကားကို စစ်ဆေးခဲ့ရာ ယာဘ စိတ်ကြွဆေးပြား(၃) သန်းကို ကောက်ရိုးအိတ် (၁၅) အိတ်နဲ့ ထည့်သွင်းသယ်ဆောင်လာတာကို ဖမ်းဆီးရမိခဲ့တာပါ။
အဲဒီမတိုင်ခင် နေ့လယ် (၁) နာရီခန့်မှာ မယ်ဆိုင်မြို့နယ်၊ ဝီယန်ဖန်ခမ်းဒေသ၊ ဖားမီဂိုဒေါင် စစ်ဆေးရေးဂိတ်မှာ တပ်မတော် တပ်ဖွဲ့ဝင်တွေက မြန်မာနိုင်ငံသား အမျိုးသား (၃) ဦးကို မော်တော်ဆိုင်ကယ် (၂) စီးနဲ့အတူ ထိန်းသိမ်းစစ်ဆေးခဲ့ပါတယ်။
သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကို စစ်ဆေးရာမှာလည်း ကားနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရွှေ့ပြောင်းနေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ထိုင်းနိုင်ငံသား အမျိုးသားနဲ့ မြန်မာနိုင်ငံသား ၃ ဦးကို အလျင်အမြန် စစ်ဆေးမေးမြန်းပြီး ညနေ (၆) နာရီခန့်မှာ တပ်မတော်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး ထပ်မံစုံစမ်းဖော်ထုတ်ခဲ့ပါတယ်။
စုံစမ်းဖော်ထုတ်မှုအရ မယ်ဆိုင်မြို့၊ ဝီယန်ဖန်ခမ်းဒေသ၊ အမှတ် ၁ ရပ်ကွက်၊ ဒွိုင်ဝေါဈေး စီးပွားရေးဧရိယာအနီးမှာရှိတဲ့ အငှားအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေခဲ့ရာ
အဖြူရောင်ကောက်ရိုးအိတ် (၁၃)အိတ်အတွင်း ကီတာမင်းတွေ ထည့်သွင်းထားတာတွေ့ရှိခဲ့ပြီး တစ်အိတ်ကို (၂၀) ကီလိုဂရမ်ခန့်၊ စုစုပေါင်း (၂၆၀) ကီလိုဂရမ်ခန့် ရှိတယ်လို့ သိရပါတယ်။
လက်ရှိ ဖော်ပြထားတဲ့အချက်အလက်တွေဟာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနဲ့ ပတ်သက်တဲ့ ကနဦးသတင်းအချက်အလက်တွေဖြစ်ပြီး နောက်ထပ် သတင်းအချက်အလက်တွေ ရရှိလာပါက ဆက်လက်ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

