၂၇ ဩဂုတ်လ ၂၀၂၆ (Eastern ThanLwin)
ဇင်ကြီး
တာချီလိတ်မြို့အတွင်းရှိ ကားလမ်းမများနှင့် ရပ်ကွက်အချို့တွင် ရှုပ်ပွနေသည့် အင်တာနက် Fiber Optic Cable ကြိုးများကို အင်တာနက်ဝန်ဆောင်မှုပေးသည့် ISP ကုမ္ပဏီများက ဖြတ်တောက်ရှင်းလင်းခြင်းနှင့် စနစ်တကျ ပြန်လည်တပ်ဆင်ခြင်းများ လုပ်ဆောင်နေကြောင်းသိရပါတယ်။
အဆိုပါ လုပ်ငန်းများကို လမ်းသွားလမ်းလာများနှင့် ယာဉ်မောင်းသူများအတွက် အန္တရာယ်ဖြစ်ပေါ်နိုင်မှု လျှော့ချရေးနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် မြို့အတွင်းရှိ လမ်းဘေးဓာတ်တိုင်များနှင့် ရပ်ကွက်အချို့တွင် သက်ဆိုင်ရာ ISP အဖွဲ့များက လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
“အခုက မီးလောင်တာ ခဏခဏဖြစ်လို့ မီးလင်းရေးရုံးက လုပ်ခိုင်းတာပါ။ မသုံးတော့တဲ့ ကြိုးတွေကို ဖြတ်ထုတ်ပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်နေတာပါ။ တခြား ISP အများစုလည်း လုပ်ဆောင်နေပါတယ်။ တံတား (၁) ကနေစပြီး လေယာဉ်ကွင်းအထိ လုပ်ရမှာပါ။ တစ်နေ့ကို ကြိုး (၅၀) လောက် ရှင်းလင်းပြီးတယ်” လို့ ISP ကုမ္ပဏီဝန်ထမ်း ကိုအာကာမျိုးက အရှေ့သံလွင် သတင်းဌာနကို ပြောသည်။
အသုံးမပြုတော့တဲ့ Fiber Optic Cable ကြိုးများကို နေအိမ်များမှ ဖြုတ်ယူသိမ်းဆည်းခြင်းမရှိဘဲ လမ်းဘေးဓာတ်တိုင်များတွင် ချိတ်ဆွဲထားတာကြောင့် လမ်းများနှင့် ရပ်ကွက်အချို့မှာ ကြိုးများ ရှုပ်ပွနေပြီး လမ်းသွားလမ်းလာများအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေများ ရှိနေတယ်လို့လည်းဆိုပါတယ်။
အင်တာနက်ကြိုးများ စနစ်တကျ ရှင်းလင်းတာဟာ လမ်းသွားလမ်းလာများအတွက် ရုတ်တရက်ဖြစ်ပေါ်နိုင်တဲ့ အန္တရာယ်များနှင့် မီးဘေးအန္တရာယ်များကို လျှော့ချနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး မြို့မီးလင်းရေးကော်မတီကလည်း အဆိုပါလုပ်ငန်းတွေကို စက်တင်ဘာလကုန်အထိ ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားထားတယ်လို့ သိရပါတယ်။
“အခုကိစ္စကို အန္တရာယ်ဖြစ်စေတဲ့အတွက် လွန်ခဲ့တဲ့ နှစ်တွေကတည်းက ရှင်းလင်းရေးလုပ်ဖို့ မြို့နယ်အဆင့် ကော်မတီဖွဲ့ ပြီး ရှင်းနေတာပါ။ သက်ဆိုင်ရာ ကုမ္ပဏီတွေလဲပါပါတယ်၊ ISP တွေက ကုမ္ပဏီပေါင်း(၂၀)ကျော်ရှိတယ် တစ်ချို့ ကုမ္ပဏီတွေဆို ရုံးခန်းတောင်မရှိဘူး ကြိုးလာဆွဲပြီး ထိုင်းဘက်ပြန်သွားကြတာ”လို့ ကြိုးရှင်းလင်းရေး ကော်မတီအတွင်းပါဝင်သူ တစ်ဦးက ပြောပါတယ်။
အသုံးမပြုတော့တဲ့ ဖိုက်ဘာအင်တာနက်ကြိုးရှင်းလင်းရေးကို နှစ်စဉ်နှစ်တိုင်း မီးလင်းရေးကော်မတီက အပိုင်းလိုက် ရှင်းလင်းမှုတွေပြုလုပ်ပေးနေတာတွေရှိပေမယ့် အချို့သော ISP တွေက စည်းကမ်းမဲ့ ကြိုးသွယ်တန်းတာတွေ ပြုလုပ်နေတဲ့အတွက် ရှင်းလင်းမှုဟာ အဆုံးမသတ်နိုင်ဖြစ်နေတယ်လို့ မီးလင်းရေးကော်မတီက တာဝန်ရှိသူတစ်ဦးကလဲ ပြောပါတယ်။
ဓါတ်တိုင်နှင့် ဝါယာကြိုးမီးလောင်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာ အင်တာနက်ကြိုးအတွက် ပါဝင်ပေးတဲ့ Box တွေက တဆင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားတာဟာ အများဆုံးတွေ့ရှိရတာဖြစ်ပါတယ်။
လက်ရှိတာချီလိတ်မှာ အင်တာနက်ဖြန့်ဝေနေတဲ့ Internet Services Provider (ISP)ပေါင်း (၂၀)ကျော်ရှိနေပြီး အချို့မှာ သက်ဆိုင်ရာ ISP အကြီးမှ ကန်ထရိုက်ခွဲယူကာ ပြန်လည် ဖြန့်ဝေနေတာဖြစ်ပြီး အချို့သော ISP များမှာ ရုံးခန်းမရှိ၊ လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံကနေတဆင့် အင်တာနက်လိုင်းလာရောက် ရောင်းချနေတာတွေလဲ ရှိတယ်လို့ သိရှိရပါတယ်။
တာချီလိတ်မှာ လက်ရှိ အင်တာနက် ဖြန့်ဝေရောင်းချနေတဲ့ (ISP)ပေါင်း(၂၀)ကျော်ရှိကာ ထပ်မံပြီး ခွင့်ပြုမိန့်တင်ထားတဲ့ (ISP)အများအပြားလဲ ရှိတယ်လို့ သိရှိရကာ အင်တာဖြန့်ဝေရောင်းချနေတဲ့ ကုမ္ပဏီများကို စည်းကမ်းတကျနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ဥပဒေနဲ့ ထိန်းကျောင်းနိုင်အောင် သင်း/ဖွဲ့စည်းမျဉ်းနဲ့ အညီ လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရန်လဲ လိုအပ်နေတာဖြစ်ပါတယ်။
ဒါ့အပြင် ISP ကုမ္ပဏီအချို့က အင်တာနက်ကြိုးများကို လမ်းဘေးဓာတ်တိုင်များပေါ်တွင် ရှုပ်ပွစွာ တပ်ဆင်ထားခြင်းမရှိစေရန် ကိုယ်ပိုင်တိုင်များ စိုက်ထူပြီး ကြိုးများကို စနစ်တကျ တပ်ဆင်ခြင်းမှုများလည်း လုပ်ဆောင်နေတယ်လို့ သိရသည်။

